Professional Authors

boundless mind

တိတ်ဆိတ်နေတဲ့ ညနက်ကို

ရှည်လျားတဲ့ သက်ပြင်းချသံတစ်ခုနဲ့

ဖြိုခွင်းလိုက်တယ်

အရာရာကတော့

အေးအေးဆေးဆေးရှိသလိုပဲ

တိတ်ဆိတ်နေသလိုထင်ရပေမယ့်

နောက်ကျိနေတဲ့ ငါ့စိတ်ကိုယ်ငါ

စကားသံကျယ်ကျယ်လောင်လောင်ပြောနေမိတယ်

ရှိုက်သွင်းလိုက်တဲ့

လေတစ်ဆုပ်ကို အရသာခံကြည့်မိတဲ့အခါ

ဆောင်းအငွေ့အသက် တစွန်းတစတော့

အငွေ့ပျံမတက်လုသေးဘူး

မှိန်တလှည့် လင်းတလှည့်နဲ့

အလုပ်များနေတဲ့ ကြယ်တွေကို

စိတ်ရှည်လက်ရှည်နဲ့ ငါ

ရေတွက်ဖြစ်တယ်

ပွတ်ခါသီခါနဲ့ လေညင်းကဖြတ်တိုက်သွားတဲ့အခါ

ဘာမှမဆိုင်ပါပဲ

နင့်ဆံနွယ်တွေကို သတိရတယ်

အတိတ်ကဖြစ်ရပ်တွေက

အမှတ်မထင်နဲ့

လာ … လာတိုက်ဆိုင်နေတဲ့အခါ

မရည်ရွယ်ပါပဲနဲ့

မျက်ရည်အစအနတွေ

ငါ့မျက်ဝန်းထောင့်မှာ တွဲလွဲခိုဖို့

နေရာလုနေကြတယ်

အတိတ်အရိပ်တွေကနေမွန်းကျပ်လာတဲ့အခါ

အေးခဲနေတဲ့ မုန်းတီးမှုတွေကိုပဲ

ပိုင်ဆိုင်ထားတဲ့ ပစ္စုပန်ကို

လှောင်သလို ခပ်ထေ့ထေ့ပြုံးမယ်

အားလုံးနဲ့မဆိုင်သလိုဖြစ်အောင်လို့

လောကကြီးကို မျက်လုံးမှိတ်ထားတော့လည်း

စုံလုံးကန်းတယ်လို့ စွပ်စွဲကြပြန်တယ်

ချစ်တတ်မယ်ကြံခါရှိသေးတယ်

လောကဓံကြီးက အသည်းခွဲပြန်ပါရော

စိတ်နာနာနဲ့ ကဗျာပဲရေးတော့မည်ဆိုရော

ကာရန်တစုံတရာမထွက်ပဲ

အလွမ်းတွေနဲ့ပဲ ဦးနှောက်က တစ်ဆို့နေတယ်

အမှတ်တရတွေကို ကုစားပေးနိုင်ဖို့

အချိန်ဆိုတဲ့ ဆေးဆရာလိုတယ်ဆိုပဲ

အခုအချိန်ထိတော့ အတိတ်ကနေရုန်းမထွက်နိုင်သေးတဲ့

ငါရဲ့ စိတ်ကို သူကလည်း လက်မြောက်ထားပြန်တယ်

အတိတ်ရဲ့ပျော်စရာအမှတ်တရတွေမှာပဲ

ကျက်စားချင်နေတဲ့ ငါ့စိတ်က

အလွမ်းတွေနဲ့ အေးခဲနေတဲ့

ငါ့အာရုံကို ထားခဲ့ပြီး

အတွေးတွေကို အဖော်ပြုလို့

ခံစားချက်တစ်စုံတစ်ရာအတွက်

မသိဟန်ဆောင်နေတယ်

အေးစက်နေတဲ့ နှလုံးခုန်သံတွေက

အခုတော့လည်း ဆီကုန်ခါနီး

အင်ဂျင်တစ်ခုလို ဦးတည်ရာမဲ့

ယိမ်းထိုးနေတယ်

အားလုံးကို မေ့ပစ်လိုက်ချင်ပြီ

အတိတ်တစ်စုံတစ်ရာမှာ

ပိုင်ဆိုင်ခဲ့ဖူးတဲ့

ပျော်ရွှင်မှုတစ်စွန်းတစ်စအတွက်ကို

ငဲ့ကွက်မယ်ဆိုရင်တောင်

ပစ္စုပန်အတွက် အရင်းအနှီးက

ကြီးလွန်းနေသည်လေ …

In: ကဗျာ Posted By: Date: Feb 1, 2011
Comment #1

မရည်ရွယ်ပါပဲနဲ့
မျက်ရည်အစအနတွေ
ငါ့မျက်ဝန်းထောင့်မှာ တွဲလွဲခိုဖို့
နေရာလုနေကြတယ်
ပိုင်ဆိုင်ခဲ့ဖူးတဲ့ပျော်ရွှင်မှုတစ်စွန်းတစ်စအတွက်ကို
ငဲ့ကွက်မယ်ဆိုရင်တောင်
ပစ္စုပန်အတွက် အရင်းအနှီးက
ကြီးလွန်းနေသည်လေ …
……………….
ကောင်းတယ်….အားပေးသွားတယ်….apollo 😀

commentinfo By: အသဲကွဲမိုး at Feb 2, 2011
Comment #2

အားပေးသွားပါတယ်
ပစ္စုပန်အတွက် အရင်းအနှီးက
ကြီးလွန်းနေသည်လေ …
……………….

commentinfo By: genius.jinx28 at Feb 2, 2011
Comment #3

ပစ္စုပန်အတွက် အရင်းအနှီးက
ကြီးလွန်းနေသည်လေ …

ကောင်းတယ်နော်….

commentinfo By: virtualheart at Feb 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment