Professional Authors

မနက်ခင်းတစ်ခုနှင့်အတူ ….ချစ်ခြင်းလက်မဲ့ (သက်ထွေး)

ထွက်လို့မရတဲ့
စည်းဝိုင်းထဲ
ငါ့ခြေထောက်နဲ့ငါ
အလုပ်တွေရှုပ်…
အလင်းရောင်တွေ့မှ
ငါလန့်နိုးခဲ့
မနက်ခင်းဆိုတာ
သည်အရာလား …

ကျိန်စာတော့
မဟုတ်လောက်ပါဘူး
ငါ့မနက်တိုင်း
လမသာခဲ့တာ
ဟော …ဟိုမှာ
အရောင်မစုံတဲ့
ကြယ်လေးတွေတောင်
နေရာပေးမဲ့ ကောင်းကင်
ရှိရှာတယ် …

ကြွေကြနေတဲ့
သစ်ရွက်တွေရဲ့
ဒိုင်ယာရီ( diary) ကို
သူ့သစ်ပင်ကြီးက
သိတာမဟုတ်ဘူး …
မျက်ရည်တွေနဲ့
အချင်းဆေးနေတာကို
ဒါသူသောက်ဖို့
ရေလားတဲ့လေ ….

မသဲတဲ့မိုး အတွက်
လွန်ဆွဲပွဲတစ်ခု
မဆက်သချင်ဘူး …
ဒါဟာ ကံတရားတစ်ခုဆို
မိုးတွေညိုလာလည်း
ငါက ထီးယူ ဖြစ်မှာ
မဟုတ်တော့ဘူး …

ရော့မင်းအတွက်
မနက်စာတဲ့
အလွမ်းတွေချည်း
ဖိကျွေးနေတာ …
မခါးသီးသလိုပဲ
မချိုမြိန်လှပါ ..

မနက်ခင်းတစ်ခုကို
ဒီလိုပဲ
ငါဖြတ်သန်းနေကျ ..
ယောက်ယက်ခတ်ပြီး
မနက်ခင်းထဲပဲ
ငါပြန်လှဲ …

အချိန်ကတော့
ဒါသူ့အလုပ်သူလုပ်တာတဲ့
ငါ ဘာမှပြန်မပြောလိုက်ပါဘူး ..
ဟုတ်လည်း ဟုတ်ပါတယ်
ချစ်ခြင်းလက်မဲ့က
ငါလေ …
မနက်ခင်းတစ်ခုနဲ့
အတူပေါ့ ..

သက်ထွေး
၂ဝဝ၅

In: ကဗျာ Posted By: Date: Apr 21, 2010
Comment #1

မသဲတဲ့မိုး အတွက်
လွန်ဆွဲပွဲတစ်ခု
မဆက်သချင်ဘူး …တဲ့လား.. (:

commentinfo By: melodyphyO at Apr 21, 2010
Comment #2

ကျိန်စာတော့ မဟုတ်လောက်ပါဘူး
ငါ့ မနက်တိုင်း လ မသာခဲ့တာ…
ကျွန်တော်က ကျိန်စာများလား စဉ်းစားနေတာ။

commentinfo By: Za TaGwel at Apr 29, 2010
Comment #3

အချိန်ကတော့
ဒါသူ့အလုပ်သူလုပ်တာတဲ့
ငါ ဘာမှပြန်မပြောလိုက်ပါဘူး ..
ဟုတ်လည်း ဟုတ်ပါတယ်
ချစ်ခြင်းလက်မဲ့က
ငါလေ …
မနက်ခင်းတစ်ခုနဲ့
အတူပေါ့ ..။
အစဉ်လေးစားလျက်….။

Leave Comments

Name*

Email*
Website
Email me whenever there is new comment