Professional Authors

ခွဲခွာချိန် (သက်ထွေး)

ငါတို့ ခွဲကြတဲ့အခါ
ကျောခြင်းကပ်ထားမဲ့ အစား
ရင်ခွင်ခြင်းစုံဖက်လို့ ထားကြရအောင် ..

နာကြည်းမှုတွေ
ဆိုညည်းမယ့် အစား
ကမ္ဘာမကြေတဲ့ သီချင်းတစ်ပုဒ်လောက်
သံပြိုင်လို့
ငါတို့ ဆိုတီးကြရအောင် ..

ဘာလို့
မျက်မုန်းတွေ ကျိုးအောင်
မုန်းနေကြမှာလဲ
မင်းဒိုင်ယာရီ ငါဖတ်လို့
ငါ့ဒိုင်ယာရီ မင်းဖတ်ရင်း
အညင်သာဆုံး
ပေါက်ကွဲကြ ရအောင် ..

လုံလောက်တဲ့
အချိန်တစ်ခုပေး …
မျက်ဝန်းချင်း ငြင်းခုံလို့
ပြီးသွားပြီဆိုမှ
နှလုံးသားတို့ရှေ့ရေး အတွက်
ငါတို့ ဆက်ဆွေးနွေး ပေးကြရအောင် ..

ငါတို့ရေးနေကြ
ကဗျာတွေလို
အလွမ်းမိုးတွေ တစ်သက်လုံး
ဆွေနေမှာ မဟုတ်ဘူး …
အရင်ကလို
မိုးပြာရောင် ထီးတစ်ချောင်းအောက်
တစ်ယောက် ပုံပြင်
တစ်ယောက် နားထောင်ပေးနိုင်ကြမှာ
မဟုတ်တော့ဘူး …
နဖူးပေါ်လက် တင်ပြီး
လေပေါ် တိုက်အိမ်တွေ
ငါတို့ ဆောက်နိုင်ကြမှာ
မဟုတ်တော့ဘူး ..
မင်းစိတ်ကောက်နေကြ
ပြန်လာလာ ခေါ်သလိုမျိုး
ငါတို့ ခွဲခွာကြမှာ မဟုတ်ဘူး ..

တစ်ကယ်ပဲ
မင်းလက်တွေကို
သင်ပေးပြီးပြီလား
အပြီးအပိုင်ခွဲခွာမှုတစ်ရပ်ကို
ဝှေ့ယမ်းနှုတ်ဆက်တတ်ဖို့ … ။ ။

သက်ထွေး
ဒီဇင်ဘာ ၆ရက် ၂ဝဝ၇ ညနေ ၄း၅၇

In: ကဗျာ Posted By: Date: Apr 20, 2010
Comment #1

သီချင်းနဲ့ တူသလိုလိုပဲ …innnnnnmmmm..
.ကောင်းပါတယ်

commentinfo By: laypyay at May 24, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment