Professional Authors

မိုးထဲလေထဲ မီးတောက်လေးကို ကွယ်ကာဝှက်ကာ (အိုင်လွယ်ပန်)

ဖမ်းမြှောက်လိုက်တဲ့ လက်နှစ်ဖက်က
စိတ်ထဲမှာ ပါမလာဘူး
အသိ ၊ သတိ
ဘာကို ဘာနဲ့ မှ အချက်ပြမရခဲ့
ချည်ပြီးတုပ်ပြီးသား အာသီသ နောက်ကွယ်
အရောင်လွင့်လွင့် ရနံ့တွေ ရနေတယ် ။

ကွာကျ နေတဲ့ တံဆိပ်တွေမှာ
အပြုံးတွေ က ကရော်ကမည်
ဆင်တူယိုးမှား သွားတဲ့ ဆင်ခြင်တုံတရားတွေ
ချိတ်ချိတ်ခြင်းမှာ မျက်မြင်ဒိဌ
ဖိုးရိုးဖားယား အလွမ်းတို့ ယိုးမယ်ဖွဲ့စရာ
အဲသလိုရာသီမှာမှ ယတ္တြာ ဟာ
စာတိုက်သေတ္တာ မှားရောက်သွားရဲ့ ။

ပဟေဋ္ဌိ တိုင်းမှာ အဖြေမှန် ရှိကြေးဆို
ချီတုံ ချတုံ တွေရဲ့ ဈာပန
လှလှပပ ကျင်းပကြမယ်
ငိုက်မျည်း နေသော ဆန္ဒများ
နိုးကြား တက်ကြွ ကြပါစေ ။

မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးတဲ့
မဖြစ်နိုင်ဘူး ဆိုတဲ့စကားလုံးကတော့
ရှိ နေ ခဲ့ ပြီ
…………….
……………..
ခွင့်လွှတ်ပေးပါ
သံသရာအဆက်ဆက်
ဆူးတွေရဲ့ အသံ နဲ့ နားဝင်ပီယံ မဖြစ်ချင် ။

ရောက်ရာ ပေါက်ရာ နိမိတ်ပုံမှာ
ထုချေလွှာ တွေ ထူထပ်နေ တဲ့ ပြဿဒါး
ကံကြမ္မာ ကို ထီပေါက်စဉ် တစ်စောင်လို
လှန်နေသံ က တဒိတ်ဒိတ်
အနာတရများ အားလုံး တိတ်ဆိတ်စွာ
မိုးထဲလေထဲ မီးတောက်လေးကို ကွယ်ကာဝှက်ကာ
ငါ့မှာ …
မျက်ရည်ခံ မှဲ့ လေး ကခုန်လာမယ့် အချိန်ကိုသာ
မျက်ကလဲ ဆန်ပျာ စောင့်ကြည့်နေခဲ့ရ ။

အိုင်လွယ်ပန်
(၂၀၁၀ ၊ ဒီဇင်ဘာလ ၊ ပိတောက်ပွင့်သစ် မဂ္ဂဇင်း )

In: ကဗျာ,အိုင်လွယ်ပန် Posted By: Date: Dec 6, 2010
Comment #1

မိုးထဲလေထဲ မီးတောက်လေးကို ကွယ်ကာဝှက်ကာ….

ကောင်းတယ်..
(:

commentinfo By: ဖြိုးဖြိုး at Dec 7, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment