Professional Authors

ငါ့ရဲ့ ညနေခင်း (အိုင်လွယ်ပန်)

အတည့်ကို အတည့်အတိုင်း
မြင်လိုက်ရရင်လည်း
အထိအရှ တော့ ရှိချင်ရှိမှာပဲ
သူ့ဟာသူ ဟုတ်နေသားက
ပျင်းလို့ ထလုပ်မိတဲ့ အခါ
ဘာကိစ္စ ပဲဖြစ်ဖြစ်
အပျင်းပြေဆိုတဲ့ ခေါင်းစဉ်အောက်
အလိုလိုရောက် ကုန်ကြ ။

လူ မစုမိတော့တဲ့ အခါ
လူစု ကွဲမှာ မပူရတော့ဘူးပေါ့
နံရံ ကို ကန်တက်သွားတဲ့
သားရေ ဘောလုံးတစ်လုံး
နာကျင်မှုတွေ နဲ့ ပြန်လမ်းဖြောင့်ပါရဲ့လား
ချောမွေ့ တိုင်း မကောင်းဘူးတဲ့
ချော်လဲသူက ပြောတဲ့ အခါ
ရောယောင် ထိုင်ချလိုက်ဖို့
ပြင်ဆင် မောင်းတင်သူတွေ ပေါ်လာခဲ့ ။

ချစ်ကြ ခင်ကြသူတို့
တွဲလက်တိုင်း မြဲကြ စေသား
အချစ် နဲ့ အမုန်း ဟာ
ခေါင်း နဲ့ ပန်း လို
ကျောခြင်းကပ်နေတဲ့ အကြွေ တစ်စေ့
ဆိုကြပါစို့ …..
မြှောက်တင် လိုက်တယ် လေထဲကို
ဘယ်ဘက်မှ မကျပဲ ဒေါင်လိုက်ကျလာမှ
ငါတို့ ဝိုင်းဟားရအောင် ။

ငြီးငွေ့ လာရင် ဟောဟိုက
ဆိုင် အပြင်ဘက်ကို ငေးကြည့်ကြည့်
ဆိုက်ကားသမား တစ်ယောက်ရဲ့
ခြေသလုံး ကြွက်သားမှာ
မိသားစု ပါးစပ်ပေါက်တွေ အတွက်
ရေသောက်မြစ်တွေနဲ့
မုဆိုးမ တစ်ယောက်ရဲ့
အကြော်ကြော်နေတဲ့ တုတ်တံမှာ
မိဘမေတ္တာ အတွက်
ဆင်စီး မြင်းရံ အနာဂတ် အိပ်မက်တွေနဲ့
အပြုံး … မျက်ရည်
လောကဓံကို စီးချင်းထိုးခဲ့ သော သစ်ရွက်များ
အပြိုင်းအရိုင်း အစီအရီ ။

အသိတရား ပြန်ဝင်လာစေချင် တော့
အသိတရားနဲ့ ခေတ္တခဏ ကင်းကွာပေးပေါ့
ကဲ … ငါ့ကောင်
မူးချင်ရင်တော့ သောက်
စကားတွေ များနေမိလို့ စိတ်မကောက်နဲ့
လိုအပ်သည်များကို မှာကြားပါ
ပြီးတော့ ……
လိုအပ်သည်များကို မှာစားပါ
ရှုံ့ချည် နှပ်ချည် ကမ္ဘာမှာ
မကောင်း အပြောခံရဆုံး ကောင်ဟာ
ကံ ဖြစ်တယ်ဆိုတာ
ငါ …
သေသေချာချာ သိခဲ့လိုက်ပါပြီ ..။

အိုင်လွယ်ပန်
( ၂၀၁၀ ၊ ဒီဇင်ဘာလ ၊ ရတီ မဂ္ဂဇင်း )

In: ကဗျာ,အိုင်လွယ်ပန် Posted By: Date: Dec 6, 2010
Comment #1

အရမ်းကောင်းတယ် ကဗျာလေးက

commentinfo By: nyihtwe at Dec 6, 2010
Comment #2

အတည့်ကို အတည့်အတိုင်း
မြင်လိုက်ရရင်လည်း
အထိအရှ တော့ ရှိချင်ရှိမှာပဲ

ချစ်ကြ ခင်ကြသူတို့
တွဲလက်တိုင်း မြဲကြ စေသား
အချစ် နဲ့ အမုန်း ဟာ
ခေါင်း နဲ့ ပန်း လို
ကျောခြင်းကပ်နေတဲ့ အကြွေ တစ်စေ့
ဆိုကြပါစို့ …..
မြှောက်တင် လိုက်တယ် လေထဲကို
ဘယ်ဘက်မှ မကျပဲ ဒေါင်လိုက်ကျလာမှ
ငါတို့ ဝိုင်းဟားရအောင် ။

ရှုံ့ချည် နှပ်ချည် ကမ္ဘာမှာ
မကောင်း အပြောခံရဆုံး ကောင်ဟာ
ကံ ဖြစ်တယ်ဆိုတာ
ငါ …
သေသေချာချာ သိခဲ့လိုက်ပါပြီ ..။
(:

commentinfo By: ဖြိုးဖြိုး at Dec 7, 2010
Comment #3

very nice
dude
try to write more poems
i will be waiting your poems
be happy

commentinfo By: လမင်း at Dec 7, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment