Professional Authors

ဒဏ်ရာတွေကရေးတဲ့ကဗျာ (အိုင်လွယ်ပန်)

ငါကိုက
ကဗျာဆိုရင်ရူးတယ်
ရေးခဲ့ပြီးသား
ငါကကဗျာချည်တိုင်ရဲ့အစိမ်းသေကောင်
ငါ့ချည်တိုင်ငါကိုတိုင်ပဲစိုက်ခဲ့တယ်
ခါးတယ်တဲ့လား
ထွေးသာထုတ်လိုက်
စိတ်ဆန္ဒတွေမှာ
ဘာအကြောင်းနဲ့မှ
မျက်နှာနာစရာမရှိ
မှင်ကုန်စေရုံသက်သက်သာဆို
ငါ့သွေးတွေက
အလိုလိုပွက်ပွက်မနေဘူး
ကဗျာတစ်ပုဒ်လောက်တောင်
နင့်ကိုတန်ဖိုးမထားခဲ့ဘူးတဲ့

နင်ငါ့ကိုပြောတယ်
ကဗျာကိုတန်ဖိုးထားစိတ်နဲ့
နင့်ကိုမြတ်နိုးတဲ့စိတ်
ကျေးဇူးပြုပြီးမရောလိုက်နဲ့
ကဗျာကိုကဗျာအတိုင်းပဲ
ငါကိုးကွယ်တယ်
နင့်ကိုတကယ်မမြတ်နိုးခဲ့ဘူးလို့
နင်သေသေချာချာယုံကြည်ပြီဆို
နင့်လက်တွေအတွက်
ငါ့ ပါးကိုအပ်တယ်
စေလိုရာစေ
ကဗျာတွေကိုတော့
(ဘယ်တော့မှ)မသေစေဘူး
ငါကလက်တွေမရှိတော့ရင်
ပါးစပ် စိတ်ကူးတွေနဲ့ရေးမယ့်ကောင်
မျက်လုံးတွေမရှိတော့ရင်
နားတွေနဲ့ဖတ်မဲ့ကောင်
အေး…..
နားတွေပါမရှိတော့ရင်
ဖတ်လာ ရေးလာခဲ့သမျှ
နွားတစ်ကောင်လို
စားမြုံ့ပြန်ပြန်နေမဲ့ကောင်
ပြောပြစရာစကားလုံးတွေ
မရှိလောက်တဲ့အထိ
ကဗျာတွေကငါ့ကိုညှို့တယ်
နင့်ကိုချစ်တဲ့ငါနဲ့
အဲဒီကောင်ချစ်တဲ့ကဗျာတွေကို
နင်နားမလည်နိုင်တော့ရင်
ထားသာပစ်ခဲ့လိုက်
လွမ်းလို့သေခဲ့တဲ့မသာဆိုတာရှိခဲ့ရင်
သူ့လက်ထဲမှာ
နင့်ကိုလွမ်းရင်းရေးသွားတဲ့ကဗျာတစ်ပုဒ်ကို
နင်…….တွေ့………လိမ့်………အုံး………မယ်……………။။။

အိုင်လွယ်ပန်

In: ကဗျာ,အိုင်လွယ်ပန် Posted By: Date: Oct 18, 2010
Comment #1

ကဗျာလေးကောင်းတယ်…
(:
ကျေးကျေးတွေတင်၏။
သွားဖတ်လိုက်သေးတယ်.. အစ်မ.. link ထားတဲ့ကဗျာလေးကို လည်း
(: (:

commentinfo By: ဖြိုးဖြိုး at Oct 18, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment