Professional Authors

ခေါက်ရိုးကျန သပ်ရပ်ခဲ့တဲ့ အမေ့စိတ်ကူး – နရီထက်

လောကဓံတရားကို စိန်ခေါ်ဖို့
ပေတစ်ရာဆိုတဲ့ ရွံ့တံတောင်လမ်းမအလယ်မှာ
ခြေမလျှောအောင်
သားကို လမ်းလျှောက်တတ်စေခဲ့တာ
အမေရဲ့ အားပေးမှုတွေလား. . .

အလုပ်ရဲ့တန်ဘိုး
ပိုက်ဆံရဲ့တန်ခိုး
သိစေချင်တော့
ကျောင်းသားဘ၀ အားလပ်ချိန်မှာ
အိမ်ရေးကိစ္စ ၀င်ကူညီစေခိုင်းခဲ့တာ
အမေရဲ့ တာဝန်သိတတ်မှုတွေလား. . .

အမှောင်ဆိုတာ ဖြိုခွင်းတတ်ဖို့
ဖယောင်းတိုင်နှင့် စာကျက်တတ်ခဲ့ သားကို
လူတွေအလယ် သားအတွက်
ဂုဏ်ယူပေးခဲ့တာ
အမေရဲ့ အောင်ပွဲနွဲချင်တဲ့
သားအပေါ်ထားတဲ့ စိတ်ကူးမှုတွေလား. . .

ပညာတတ်ပီသဖို့
အမေရဲ့စကား
ကြားယောင်လို့ နေသေးတယ်
လူပေါင်းစုံနှင့် အဆင်ပြေအောင်
လိုက်လျောညီထွေ နေတတ်ရတယ်
အမေရဲ့ မဟာမိတ်စစ်ဆင်ရေးလား. . .

အမေ့အနား သားသမီးတွေကို
အမြဲရင်ခွင်ပိုက်ထားချင်တဲ့ အမေ
တိုးတက်ရေးအတွက်
သားတို့တွေကို ရွက်လွင့်ခွင့်
အတောင်တွေဖြန့် ပျံသန်းခွင့်
ပေးခဲ့တာ အမေရဲ့
စွန့်လွတ်ရဲတဲ့ မဟာသတ္တိတွေလား. . .

သားသမီးတွေအတွက်
စိတ်ချမ်းသာမှုကို
အထိအပဲ့ ပွန်းပဲ့မခံနိုင်တဲ့ အမေ
မုသားဖြူဖြူလေးတွေကို
အမေ့ရဲ့ စိတ်တွင်းခံစားချက်တွေနှင့်
အမြဲအမြဲ ပြောင်းလဲလှည့်ယူ ဖန်တီးခဲ့တယ်
အမေရဲ့ မဟာစိတ်ဓါတ်ခိုင်မာမှုတွေလား. . .

အောင်မြင်မှုရတဲ့အခါ. . .
ခွင့်လွတ်နားလည်တတ်ဖို့
ကျရှုံးတဲ့အခါ. . .
စွန့်လွတ်အနစ်နာခံတတ်ဖို့
အဆင်မပြေတဲ့အခါ. . .
ရောင့်ရဲတင့်တိမ်တတ်ဖို့
ငိုခြင်းနှင့် ရီခြင်းကြား
သည်လောကဓံတရားမှာ
အမေက အပြုံးမပျက်ရှာခဲ့တာ
သားတို့ဘ၀အတွက်
အမေရဲ့ မဟာဗျူဟာတွေလား. . .။    ။

နရီထက်
( ၂၅ ၊ နိုဝင်ဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Nov 25, 2010
Comment #1

ကောင်းလိုက်တာ ကဗျာလေးက

commentinfo By: နွေ at Nov 25, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment