Professional Authors

အမေအတွက် ကြေးစားဖြစ်ခဲ့သူ – နရီထက်

အရိပ်တစ်ခု ခိုနားခွင့်ကို
ပစ်လွင့်ခဲ့တာ မဟုတ်. . .

အတောင်တွေစုံလို့
ခြေစုံပေါက် ပြေးထွက်ခဲ့တာ မဟုတ်. . .

ရေစုန်ကို ခြေကန်လို့
ပုန်းကွယ်ခဲ့တာ မဟုတ်. . .

ပြုစုကြင်နာ အနွေးဓါတ်တွေ
ရုပ်သိမ်းခေါက်ချိုးခဲ့တာ မဟုတ်. . .

အမေအိမ်က မိုးရေယိုလို့
နေပေါက်ထိုးလို့
တစ်ပါးသူ့အရိပ်
ပြေးထွက်ခိုလှုံနေရစ်ခဲ့တာ မဟုတ်. . .

နားလည်အောင် ရှင်းပြခွင့်တွေ
ဖြေရှင်းခွင့်ပေးမှ
သက်သာခွင့်ရှိဖို့
ဆင်ခြေတွေ ပေးမိခဲ့တာ မဟုတ်. . .

ဒုက္ခတွေ မပေးချင်လို့
တစ်ဖက်တစ်နေရာကို
အသာလေး ထွက်မိခဲ့သူ . . .

အမေ့ထမင်းကို တ၀ကြီးစားချင်သူ
အမေ့ဈေးဖိုးသက်သာဖို့
တစ်ပါးသူရဲ့ ထမင်းလုပ်ကို
မျက်ရည်အကျခံနှင့် နှစ်သိမ့်မိခဲ့သူ. . .

လကုန်လို့ လစာထုတ်တဲ့အခါ
အရင်ဆုံး အသိစိတ်က
အမေ့ဆေးဖိုး
အမေ့အကြိုက် စားချင်စရာ
ပြေးထွက်ပေးဆပ် ၀မ်းသာချင်ခဲ့တာ
ကျွန်တော့်အလုပ်. . .

အမေစိတ်ချမ်းသာဖို့
အမေအပြုံးတွေ ပွင့်လန်းဖို့
သားမျက်နှာက အမြဲဟန်ဆောင်ခဲ့သူ.  . .

အမေမရှိတဲ့အခါ
သူတို့က ပြောကြတယ်
အမေ့အနား မနေချင်သူ
အမေ့ကို ဂရုမစိုက်မိခဲ့သူ
အမေ့က သားကို မျှော်လင့်ရွက်လင့်ခဲ့သူ. . .

ဖြေရှင်းခွင့်မပေးချင်
သူတို့ရဲ့ စိတ်ခံစားချက်က
နှလုံးသားကို ရိုက်ခတ်ခံခဲ့သူ. .  .

သံယောဇဉ်ကို
အသာအယာခိုးယူ
မသိမသာ ဖြတ်တောက်ခဲ့သူ မဟုတ်. . .

အမေကို သတ်တာ ဘယ်သူလဲ
အားလုံးက ၀ိုင်းမေးနေတယ်
ဒါဆိုရင်တော့
သားက ကြေးစားဖြစ်မှာ
သေချာနေပြီး အမေရယ်. . .။     ။

နရီထက်
( ၁၈ ၊ နိုဝင်ဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Nov 18, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment