Professional Authors

3 D – နရီထက်

မှန်စီဝိုင်းဝန်း အဆောင်ဝိုင်းထဲက
ငါ့အမှားတွေက
ငါ့နှင့် လက်ပွန်းတနှီး
မှန်အပြင်က သူတို့အဖို့
ရင်ဖို့ဖွယ် ပြစ်သံတညီးညီး
လွတ်မရုန်းတာက မှန်ဝိုင်းထဲမှာ
ငါ့နှင့်အတူ အိပ်စက်ခဲ့တာ နေသားတကျပါ။

စိန်စီရွှေချထား နှစ်ခုအရာ
စနစ်တကျအမှားရယ်
စီမံထားတဲ့ အချိန်နံဘေးရယ်
ငုတ်တုတ်ထိုင်ကာ
တွေးဝေမနေခဲ့ဘူး
ဆက်မှားဖို့ရယ်
ဆက်ဆက်ကာသာ
ဇွတ်လုပ်မိနေတယ်။

ပျက်အစဉ် ပြင်ခဏ
ငါ့အဖိုးတွေက ငိုနေလောက်ပြီး
ပျက်ပျက် ပျက်နေ
ငါ့အဖို့ သဘောကျကျနေ
ပျက်တရား ၀ဲလည်လည်
ငါ့အမှား တွေ ယင် မနားအောင်
ခြံထည်လွှာထဲမှာ ထည့်အုပ်မိခဲ့တယ်

မမေ့ခဲ့ပါဘူး မနားခဲ့ပါဘူး
ဆက်သွားနေတုန်းပဲ
ငါ့အမှားတွေ ငါ့အမှားတွေ
ရာစုနှစ်သစ်တွေကို ဖြတ်ကျော်ဖို့
ငါ့ အမှားတွေကို
အိမ်မွေးခွေးလို့ သစ္စာရှိဖို့
အိမ်မွေးကြောင်လို့ အလိုက်သိဖို့
အလှမွေးငါးလို့ အရောင်တောက်ဖို့
ချစ်စရာ အမှားတွေ
လက်သပ်မွေးနေတုန်း. . .။

အနား မလာနဲ့
လိုင်းလာ မပူးနဲ့
ရှော့ပ် ဖြစ်အောင်
ငါ့ အမှားတွေက
ရှော့ပ် ရိုက်တတ်တယ်
လိုင်းလည်း ခွဲတတ်တယ်
ဥာဏ်လည်း များတတ်တယ်
မာယာများများ ငါ့အမှား
အ၀ါရောင်လွှမ်းလို့
ရွှေအစစ်ရယ် ထင်မှတ်စေမယ်။      ။

နရီထက်
( ၁၆ ၊ နိုဝင်ဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Nov 16, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment