Professional Authors

ဘုရားတိုင်ရတု – ၇။ မြတ်စောညီနောင် ဘုရားတိုင်ရတု – မောင်ဘွဲ့

၇။    မြတ်စောညီနောင်* ဘုရားတိုင်ရတု – မောင်ဘွဲ့

၁။ တဆယ့်နှစ်ခွေ၊ ပတ်လည်နေ၌၊ ယဉ်ထွေသီတာ၊ တောင်မျက်နှာက၊ အာကာကွန့်တက်၊ တိမ်သို့ယှက်မျှ (၁)၊ ကျောက်စက်ဝှန်ချာ (၂)၊ ဆင်ကလာ၍ (၃)၊ လက်ယာရုံရစ်၊ နီလာမြစ်ကို၊ ရှင်ချစ်ဘုန်းဝှန့်၊ ပြုံးရိပ်ညွန့်ကြောင့်၊ စင်သန့်ချမ်းကြည်၊ ပြုံးချောင်းမည်သာ၊ မြရည်ရှက်သန်း၊ သီတာစွန်းထက်၊ တသန်းလျှံထွေ၊ တည့်မွန်းနေသို့၊ သရေဓမ္မာ၊ စကြာစိုးဆောင်၊ တည်ခဲ့ထောင်သည်။ ။ ညီနောင်စုံရှင်တော်တကား။

၂။ မဖွယ့်ချစ်နေ၊ မယ်ပပေတည်း (၄)၊ လျှော့ဖြေတပါး၊ သူ့ပြင်သားသို့၊ နည်းများခွဲဝက်၊ တီမှာယွက်လိမ့် (၅)၊ စံထက်စံမျှ၊ ညိုမွတ်လှလျှင်၊ ရှေးကသည့်နှယ်၊ တုံ့မလှယ်တည့်၊ ကြံရွယ်ရေးရာ၊ ချေတင်ပါလည်း၊ မျက်သာထွေထွေ၊ ငါမပြေက၊ အနေတကျ၊ ဆယ်ဆဆယ်ပြန်၊ ရှိလေတန်ဟု၊ ကြူးလွန်မျက်တော်၊ ထွက်ငြားသော်လည်း၊ မမြော်ကျိုးပြစ်၊ ကျွန်ုပ်ဖြစ်မူ၊ စိစစ်မတတ်၊ ကြင်လေးမြတ်သည်။ ။ သက်မှတ်ယုံထင်ပျော်တကား။

၃။ အလယ့်ရစ်ဖြေ၊ သုံးလည်ခွေ၍၊ မပြေမညံ့၊ မတံ့မဖန် (၆)၊ တောင်စွန်အပ၊ ငါးရာ့ငါးမြစ်၊ ညွန့်သစ်မြင်တိုင်း၊ မနှိုင်းရှည့်နိုင်၊ လွမ်းခေါင်တိုင်မျှ၊ ဆွယ်ပြိုင်မသိ၊ ကျွန်ုပ်ရှိခဲ့၊ မိုးထိရောက်ကျွန်၊ အာကာစွန်ဝယ်၊ ဆံပန်အစစ် (၇)၊ စုံရှင်ချစ်လျှင်၊ သူ့ပြစ်မထွေ၊ ဟုတ်တိုင်းဖြေ၍၊ တထွေယူချွတ်၊ မယ့်အမှတ်ကို၊ စက်လွှတ်ထွန်းမြူး၊ ဖြည့်ပါဦးလော၊ မထူးကြသက်၊ ဘုန်းချင်း ယှက်သည်။ ။ ဖြစ်ဆက်ဆုံကြင်တော်တကား။

—————————-

* မြတ်စောညီနောင်ဘုရားနှစ်ဆူသည် တောင်ငူမြို့အရှေ့တောင်ယွန်းယွန်း မြို့မှ (၈)မိုင်ကွာခန့်ပြုံးချောင်းကမ်းစပ်တွင်ရှိသည်။ သီရိဓမ္မာသောကမင်းကြီး တည်သော ဘုရားတည်း။ တောင်ငူရာဇဝင်တွင် သရတည်းဘုရားဟု ရှိသည်။ မြတ်စွာဘုရားသခင်သည် သုနာပရ န္တတိုင်းသို့ ဒေသစာရီကြွမြန်းတော်မူရာ ဤဘုရားတည်ရှိရာအရပ် ချောင်းကမ်းနထူးတွင် ရပ်တော်မူ၊ ပြုံးတော်မူသည်။ ရှင်အရဟံက မေးလျှောက်ရာတွင် ရှေးအတိတ်ဘဝက ကြက်ဖြူညီနောင် ဖြစ်ခဲ့ဖူး၍ ဤအရပ်တွင် ကျက်စားခဲ့ဖူးကြောင်း အတိတ်ဆောင်သည်။ ပြုံးတော်မူသည်ကို အစွဲပြု၍ ပြုံးချောင်းတွင်သည်။ နရပတိစည်သူမင်းသည် ရေကြောင်းခရီးဖြင့် လှည့်လည်လာရာ ဤချောင်းကိုတွေ့၍ ‘ရေ၏ကြည်ဟန်ကား မြတရထည်တည်း’ ဟု ဆိုသည်။ ထိုကြောင့် ပြုံးချောင်းကို တရထည် ချောင်းဟု တွင်ပြန်သည်။ ၄င်းချောင်းကမ်းပါးရှိ ဘုရားနှစ်ဆူကိုလည်း ‘တရထည်ဘုရား’ ဟူ၍ တွင်သည်။
(၁) တိမ်ညိုရှက်မျှ [မ]
(၂) အနဝတတ်အိုင်၏တောင်ဘက်တွင် နွားကတွတ်သာရှိသည်။ “ဆင်ကလာသား” ဟူသောစကားကို ဆင်ကတွတ်ပေါက်မှ လာသောရေ ဟု အနက်မထင်စေဘဲ ရှမ်းပြည် ဆင်တောင်မှ စီးဆင်းလာသောရေဟု အဓိပ္ပာယ်ကောက်ယူသင့်ကြောင်း မင်းလက်ဝဲနော်ရထာလျှောက်ထုံးတွင် ဆိုခဲ့သည်။
(၃) ဆင်းကာလာသား [မ]
(၄) မယ့်မှာပေကား [မ]
(၅) ဓမ္မာရွက်လိမ့် [ရ]
(၆) မတန့်တတန် [မ]
(၇) မိုးထိရောက်ကျွန်း၊ အာကာစွန်းဝယ်၊ ဆံပန်းအစစ် [ရ]

In: ကဗျာ,နတ်သျှင်နောင် Posted By: Date: Oct 23, 2010
Comment #1

နတ်ရှင်နောင်ရဲ့ ရတုတွေ ဖတ်ချင်ပါသေးတယ်…. harry မှာရှိရင် မျှပါဦး

commentinfo By: ရှင်ထိပ်ထား at Feb 13, 2011
Comment #2

ထပ်တင်ပေးပါမယ်

commentinfo By: harry at Dec 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment