Professional Authors

ဘုရားတိုင်ရတု – ၉။ မြသိတင် ဘုရားတိုင်ရတု – မယ်ဘွဲ့

၉။ မြသိတင် ဘုရားတိုင်ရတု – မယ်ဘွဲ့ *

၁။ မနီးရန်လည်၊ တောင်တို့သည်လည်း၊ ရှေ့ရည်အလွတ်၊ သို့သာညွတ်၍၊ သုံးပတ်လှည့်လာ၊ ဆင်ရှိရာက၊ အာကာကွန့်ရစ်၊ ကမ်းနီမြစ်ထက်၊ ထစ်ထစ်ရောင်ထင် (၁)၊ မြသိတင်ဟု၊ ပလ္လင်ဖောင်းကျည်၊ နတ်လည်ကြာနား၊ ချရားရွှေငုံ၊ ပွင့်ရုံယှက်တင်၊ ထွေထွေတင်လျက်၊ ဆံတော်စူဠာ၊ လူတကာတို့၊ ဆင်ရာဦးစွန်း၊ မြတ်တုကျွန်းကို၊ ဖူးပန်းကြီးအင်၊ ရည်တင် ခန့်ရော်၊ ရောက်ရမြော်သည်။ ။ နားတော်လျှောက်ဘွယ်ရှိသောကြောင့်။

၂။ တသီးလျှံခြည် (၂)၊ နေလသည်လည်း၊ မြုပ်ဖည်နိမ့်ဝိုက်၊ ရှင်တော်ရိုက်သို့၊ ရောက်ကြိုက်ကလျှင်၊ စိတ်ဝယ်ထင်စွ၊ မြသွင် လိုလို၊ ရွှေကို လျောလျော၊ တောလည်းခြယ်သင့်၊ ပင်တိုင်းတင့်သား (၃)၊ ကြားဆင့်လေသွန်၊ ကျော်စောဟန်ထက်၊ တိုင်းလွန်မသိ၊ မြော်သော်ရှိ၏၊ မျက်စိမပန်း၊ လျှံထွန်းသရေ၊ အထွေထွေဘိ၊ မီးရေတက်ပျံ၊ စောဘုန်းလျှံကို၊ နှစ်ကြံမဖေါက်၊ ပြန်ခဲ့လျှောက်၏ (၄)၊ နတ်အောက်မဟူ၊ လှမဉ္ဇူသည်။ ။ မှတ်ယူတွေးလေဘိသောကြောင့်။

၃။ အပြီးကြံစည်၊ ကြိုးပေသည်ဟု၊ နားလည်ရေးရာ၊ သိတန်ပါလျက်၊ မေတ္တာစသိပ်၊ တုံ့မရိပ်ခဲ့၊ သုံးကျိပ်သုံးမည်၊ နေရာ တည်သား၊ ထက်ပြည်မြင့်မှာ၊ ဆံစူဠာသို့၊ သဒ္ဓါကြည်ညွတ်၊ ဆွတ်ဆွတ်စုံမက်၊ မရက်သွားချင်၊ ရှေ့တော်ပြင်ဝယ်၊ ဦးတင် ပြန်ခေါက်၊ ကျုံး၍လျှောက်ပိမ့်၊ ဖြေဖျောက်သံချို၊ မယ့်စိတ်ကိုလည်း၊ မငြိုပျံ့မွှေး၊ ပြည့်မည်ရေးကို၊ ကွန့်ရှေးစက်ရှင်၊ ဖြည့်စေချင်သည်။ ။ သက်ထင်စုပုံမိသောကြောင့်။

__________________________________________

* တောင်ငူမြို့၏ အရှေ့မြောက်ဘက် (၈)မိုင်ကွာခန့် ပေါင်းလေင်းမြစ်၏အရှေ့ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ကမ်းနီရွာကို ဖြတ်၍စီးသွားသောမြစ်ကို ကမ်းနီမြစ်ဟုခေါ်၏။ ထိုဘုရားကို ကမ်းနီဘုရားဟူ၍လည်းတွင်၏။ တောင်ငူမြို့ရှီ ဗုဒ္ဓဘာသာ ကရင်လူမျိုးတို့က ၄င်းဘုရားကို နရပတိစည်သူမင်းကြီး လက်ထက် နော်ဟေးမြနှင့် စောသိတင် ကရင်မောင်နှမတို့ ကြီးမှူးတည်ရာတွင် ဘုရားအပြီးမောင်နှမနှစ်ဦးလုံး ရင်ကွဲနာကျသေ၍ နတ်ဖြစ်ရာ နရပတိ စည်သူမင်းက ကျသောင်းဝါးပေါက်ရာဒေသကို နတ်ကွန်းထား၍ ပူဇော်စေသောကြောင့် “ကျသောင်းတောင် မောင်နှမနတ်” ဟူ၍တွင်သည်။ နော်ဟေးမြ၊ စောသိတင်တို့ တည်သောဘုရားဖြစ်၍ “မြသိတင်ဘုရား” ခေါ်ကြောင်း တဆင့်စကား ကြားသိရသည်။ ရာဇဝင်သမိုင်းမှာကား မတွေ့ရပေ။
(၁) သစ်သစ်ရောင်ထင် [ရ] [မ]
(၂) [ရ] မူတွင် တတိယစာပိုဒ်ဖြစ်သည်။
(၃) တောင်လုံးတင့်မျှ [ရ]
(၄) ပန်ခဲ့လျှောက်ရှင့် [မ]

In: ကဗျာ,နတ်သျှင်နောင် Posted By: Date: Dec 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment