Professional Authors

ဘုရားတိုင်ရတု – ၄။ သကျမဉ္ဇူ ဘုရားတိုင်ရတု – မောင်ဘွဲ့

၎။ သကျမဉ္ဇူ* ဘုရားတိုင်ရတု – မောင်ဘွဲ့

၁။ သကျမဉ္ဇူ၊ ထိန့်ရိုက်ဆူသား၊ ရိပ်ဖြူရွက်ရှင်၊ ဖြန့်မိုးဆင်လျက်၊ ပလ္လင်ရွှေနန်း၊ လွှတ်ညာစွန်းက၊ စက်ရွှန်းမိုးမျှ၊ တိုင်းမဲ့ပသည်၊ သိင်္ဂစံလှော် (၁)၊ ဆင်းရုပ်တော်။ ။ မူးမော်ဘနန်း၊ အသက်ကျွန်းမျှ၊ ဝန်းဝန်းပတ်ပတ်၊ ညွတ်ညွတ်ခွေခေါက်၊ မလျှောက်စတောင်း၊ နေ့ရက်ပေါင်းလျက်၊ ယုံကြောင်းယုံအောင်၊ သက်လက်ဆောင်နှင့်၊ တေယ်ယောင်သံချို၊ သို့စင်ဆိုမှ၊ နောင်ညိုရဲဖျား၊ ရန်ညွန့်တားသည်။ ။ တပါးသူနှင့် ကြင်သောကြောင့်။

၂။ သက်မျှရည်တူ (၂)၊ ကိုယ်ကိုဟူက၊ မည်သူမတန်၊ သို့သည်ဟန်နှင့် (၃)၊ အလွန်အကျူး၊ ဆိုစဦးက၊ ဖြည့်ဖြူးသည်သော် (၄)၊ နာသူပျော်မျှ၊ မတော်ဘဲပင်၊ တော်ရုပ်ဆင်၍၊ မကြင်လတုံ၊ ကြင်လတုံနှင့်၊ ‎မယုံကြည်သာ၊ လေပြေလာသို့၊ မယ့်မှာချစ်ခွေ၊ သူ့ကြောင့်ဖြေသော် (၅)၊ ခြောက်ထွေရန်တောက်၊ ငါးမာရ်ဖျောက်ကို၊ မလျှောက်ဝံ့ထွေ၊ ကြောက်ရွံ့နေလည်း၊ မပြေဖြေဖျော်၊ တိုင်မြွက်တော်သည်။ ။ ဉာဏ်တော်သိစေချင်သောကြောင့်။

၃။ မြွက်ဟသည်မူ၊ နေခြည်စက်မြူး၊ တန်းခိုးထူးသား၊ လွှတ်ဦးဥကင်၊ နန်းညာတင်သည်၊ ရှင်ပင်မဉ္ဇူ၊ သိတော်မူလော့၊ ဇမ္ဗူလုံးတွင်၊ သည့်နှယ်ပင်တည့်၊ နာချင်ဘွယ်သာ၊ ပျားသကာသို့၊ မေတ္တာပျံ့ကြည်၊ ဆိုတတ်သည်ကို၊ ဖွေနှည်ရည်တူ၊ ရှာမေးမြူလည်း၊ မည်သူပင်မျှ (၆)၊ ဘက်မရတည့်၊ သစ္စာ့အပုံ၊ ကျိန်မျိုးစုံကို၊ လုံခြုံအသက်၊ စုနှင်းဘက်၍ (၇)၊ မယ့်သက်ချစ်ရန် (၈)၊ ယုံမိလွန်သည်။ ။ ဧကန်တော်မည်ထင်သောကြောင့်။

—————————–

* သကျမဉ္ဇူဘွဲ့တော်ဖြင့် ထင်ရှားသောစေတီကို ယခုတောင်ငူမြို့၌ မတွေ့ရပေ။ ပြိုပျက်လေပြီးဖြစ်ဟန်တူ၏။ ဤရတု ပထမပိုဒ်တွင် “လွှတ်ဦးသဘင်၊ စံညာခွင်က၊ ပလ္လင်ပြောင်ရွှန်း၊ ရိပ်ဖြူဝန်းလျက်” ဟူ၍စပ်ဆိုထားသဖြင့် ယခုတောင်ငူမြို့ရှိ နန်းတော်ရာကုန်း၏ တောင်ဘက်ရှိ ရွှေဆံတော်ဘုရား၏ ဘွဲ့တော်ပင် ဖြစ်ဟန်တူသည်။ သို့မဟုတ် ၄င်းဘုရားယင်ပြင်တော်ရှိ ရုပ်ထုတော်တဆူ၏ဘွဲ့တော် ဖြစ်သင့်ပေသည်။

(၁) သိင်္ဂရွှေလှော် [ရ]

(၂) [ရ] မူတွင် တတိယပိုဒ်ဖြစ်သည်။

(၃) ဆိုစဟန်နှင့် [ရ]

(၄) ပျံ့ပျူးသည်သော် [ရ]

(၅) သူ့ကြောင့်ပြေခဲ့ [ရ] မယ့်မှာရစ်ခွေ၊ သူ့ကြောင့်ပြေသော် [မ] 

(၆) မည်သူအပ [ရ]

(၇) စုနှင်းဆက်၍ [ရ] စုနှင်းဆက်ရှင့် [မ]

(၈) မယ့်ထက်ချစ်ရန် [မ]

In: ကဗျာ,နတ်သျှင်နောင် Posted By: Date: Oct 23, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment