Professional Authors

ဘုရားတိုင်ရတု – ၃။ သကျမဉ္ဇူ ဘုရားတိုင်ရတု – မောင်ဘွဲ့

၃။ သကျမဉ္ဇူ ဘုရားတိုင်ရတု – မောင်ဘွဲ့ *

၁။ လွှတ်ဦးသဘင်၊ စံညာခွင်က၊ ပလ္လင်ပြောင်ရွှန်း၊ ရိပ်ဖြူဝန်းလျက်၊ တသန်းနေနှင့်၊ လနှယ်တင့်သား၊ ဘုံမြင့်နန်းသူ၊ ‎ကြည်ဆုယူသည်၊ မဉ္ဇူမှန်ကင်း၊ မြတ်ရှင်ရင်း။ ။ ညင်းညင်းဖျဖျ၊ ယုယခွေညောင်း၊ ညွတ်ညွတ်ပျောင်းမျှ၊ ‎ယုံကြောင်းယုံဘွယ်၊ အသွယ်သွယ်ကို၊ နားဝယ်မြမြ၊ ဆိုမောလှလျက်၊ ချစ်စနွှဲဖင့်၊ နောင်ဘုန်းမြင့်သည်။ ။ ရှေးနှင့်မတူ ‎ထွေသောကြောင့်။

၂။ ပြတ်မူးအကြင် (၁)၊ ပန်းနှယ်ပင်တည့်၊ လည်တွင်ခွေပတ်၊ ဆင်မတတ်ဟု၊ အထွတ်တိုင်ထိ၊ ဆိုဦးရှိလျက်၊ ချစ်မိမချစ်၊ ‎အသစ်သစ်လျှင်၊ မရစ်စုံမက်၊ မေတ္တာယှက်၍ (၂)၊ မျှသက်ဝေမြဲ၊ မဝေဘဲနှင့်၊ မင်းရဲဘုန်းမြင့်၊ ကြင်စိတ်ဖင့်၍၊ ‎သူနှင့်ကျွမ်းဟန်၊ အလွမ်းချန်ခဲ့၊ ရောင်ဝှန်လျှံညိ၊ ဉာဏ်တော်သိလော့၊ ဆံရှိမမေ့၊ ဖြစ်သရွေ့ကို၊ စေ့စေသာဖြည်း၊ ‎လျှောက်ရုံးစည်းသည်။ ။ မယ့်ချည်းမကြင် နေသောကြောင့်။

၃။ ညွတ်နူးမရွှင်၊ ဗျာပါစင်လည်း၊ ပူပင်ညှိုးမြန်း၊ မကြီးလွန်းတည့်၊ ဆိုဆန်းမဆို၊ တော်မည်ကိုမူ၊ မြင်းမိုရ်ထိုက်မျှ၊ ‎လွန်မကဟု (၃)၊ နောင်မြညိုမွတ်၊ လှည့်စားမှတ်ဖြင့်၊ ပတ်ပတ်ဝန်းဝန်း၊ ဆန်းဆန်းထူးထူး၊ မူးမူးလည်အောင်၊ ‎တော်ယောင်ဘနန်း၊ ကျိန်မျိုးကျွန်း၍၊ ချစ်ပန်းမဆင့်၊ လင့်နွှဲဖင့်သော်၊ သူနှင့်ကြင်မှ၊ မကြင်ရဟု၊ သိင်္ဂမဉ္ဇူ၊ ဆင်းရုပ်တူကို၊ ‎ဆုယူရှိငုံ၊ လျှောက်သည်ထုံကား၊ မစုံချင်လစ်၊ အသစ်သစ်သည်။ ။ အချစ် သူသို့ဝေသောကြောင့်။

———-

* သကျမဉ္ဇူဘွဲ့တော်ဖြင့် ထင်ရှားသောစေတီကို ယခုတောင်ငူမြို့၌ မတွေ့ရပေ။ ပြိုပျက်လေပြီးဖြစ်ဟန်တူ၏။ ဤရတု ပထမပိုဒ်တွင် “လွှတ်ဦးသဘင်၊ ‎စံညာခွင်က၊ ပလ္လင်ပြောင်ရွှန်း၊ ရိပ်ဖြူဝန်းလျက်” ဟူ၍စပ်ဆိုထားသဖြင့် ယခုတောင်ငူမြို့ရှိ နန်းတော်ရာကုန်း၏ တောင်ဘက်ရှိ ရွှေဆံတော်ဘုရား၏ ‎ဘွဲ့တော်ပင် ဖြစ်ဟန်တူသည်။ သို့မဟုတ် ၄င်းဘုရားယင်ပြင်တော်ရှိ ရုပ်ထုတော်တဆူ၏ဘွဲ့တော် ဖြစ်သင့်ပေသည်။

(၁) [ရ] မူတွင် တတိယပိုဒ်ဖြစ်သည်။

(၂) မေတ္တာဝှက်၍ [ရ]‎

(၃) မြင့်မိုရ်ထက်မျှ၊ နှိုင်းမကဟု [ရ]‎

In: ကဗျာ,နတ်သျှင်နောင် Posted By: Date: May 12, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment