Professional Authors

စိတ်ခေါ်ရင် တိမ်ပေါ်တက်ကြမှာလား – နရီထက်

ဒူးကောင်းလို့ ပွဲတောင်းတဲ့
လောကဓံပွဲလား
အသဲကောင်းလို့ အကဲစမ်းတဲ့
ကံတရားပွဲလား
တိမ်မှုန့်တော့ မဖြစ်နိုင်ဘူး
မြေမှုန့်တွေ ပွစာကြဲလို့
အနိုင်လိုချင်ခဲ့ကြတယ်
ကျောက်စရစ်ခဲတွေက
ခြေဖ၀ါးအောက်မှာရော
လှဲကြသွားတဲ့အခါ
ဒူးအောက်မှာ ရှိနေတတ်ခဲ့ကြတယ်

ဘတစ်ပြန် ကျားတစ်ပြန်
အလှဲထိုးကြမဲ့ ဒီဘ၀ပွဲ
ကြိုတင်ပြင်ဆင်စရာတွေက
စကားအထာ ကလေးမျက်နှာ
ရှိတတ်ခဲ့ကြတယ်
တကယ်တမ်း စာတတ်ခဲ့သူက
လောကဓံပါ. . .
သူက ကိုယ်ပျောက်တစ်ယောက်
တစ်ခါတစ်ရံ ငါတို့အနားမှာ
မသိမသာရှိနေတတ်ခဲ့ကြတယ်
သူရဲ့ အကောင်းဆုံး အနုမြူလက်နက်က
အချိန်ဆိုတဲ့ ကိုယ်ရံတော်
အဲဒီကြားမှာ ငါတို့က
အိမ်မက်တွေ မွစာကြဲသွားခဲ့တယ်
တစ်စစီ ပြန်ကောက်ဆက်လို့မရတော့တဲ့
မနက်ဖြန်အိမ်မက်အထိပေါ့. . .

တိမ်ပေါ်တက်မဲ့ ငါ့တို့အတွေး
တကယ်တမ်းက ကျောက်ဖျာတစ်ချပ်
စီးနင်းသွားနေတာ ပန်းဆက်တော်ယာဉ်
တကယ်တမ်းက ရေတံလှိုင်းတံပိုးတစ်ချုပ်ပေါ့
ဘေးနားဘေးမှာ အိမ်စက်နေတာ ကြယ်တာရာတွေနှင့်
တကယ်တမ်းက မခံစားနိုင်တဲ့
လောကကြီးက စကားထိုးနှက်ချက်တွေနှင့်
တရေးနိုး အပြင်းစားနှလုံးသား အမောဖောက်မှုတွေနှင့်ပါ. . .

အလှဲထိုးနိုင်တဲ့ ပွဲရှိတတ်ခဲ့သလို
ငိုပွဲတွေ ဆင်နွဲခဲ့ကြတယ်
ရယ်စရာ တစ်တိုတစ်စ
တစ်မျက်နှာပုံတိုပတ်စတွေလား
မဲ့နေမည်ကြံကာပင်
တွေးမရအောင် ချာချာလည်တတ်ခဲ့ကြတယ်
အသာစီးမျောမယ်လို့ သူလိုကိုယ်လို
ပြောတတ်ခဲ့ပေးမယ့်
တကယ်တမ်းတော့ ဘယ်သူမှ မကယ်နိုင်ခဲ့ဘူး
ဖောင်ဖျက်လိုက်တဲ့ ပွဲလား
ဖောင်ဖျက်ခံလိုက်တဲ့ လှည့်စားပွဲလား

ဟိုး ဟို အပေါ်မှာ တိမ်လွှာတွေ
ငါ့ခေါင်းပေါ်တော့ မရောက်သေးဘူး
လှမ်းကြည့်နေရင်း အသင့်ပြင်ထား. . .

နရီထက်
( ၁၇ ၊ အောက်တိုဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Oct 17, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment