Professional Authors

မိရွှေယောင်သို့တမ်းချင်း(ကြယ်စုတ်ကြယ်ပဲ့)

(၁)
မမြင်ရ
မတွေ့ရ
မကြားရတာကြာလို့
မေ့များမေ့နေပြီလား မိရွှေယောင်..။

ငါ့မှာတော့
နင့်အကြောင်း ခေါင်းစဉ်များစွာနဲ့ပဲ
ညတွေ နက်လှပေါ့…
ခြေသလုံးအိမ်တိုင် အတွေးကတောင်
နင့်ဆီပဲပြေးပြေးနေတော့
ငါအိပ်ပျက်တာလဲ မဆန်းလှပါဘူး…။

စံပယ်မဖူးခင်ကတည်းက
မူးခဲ့တာတောင်
ခုထိ (အသားမကျစွာ) ရူးနေတုန်းပါ ရွှေယောင်ရယ်…။

ငါကလည်း ငါပါပဲ
မှိန်စုတ်စုတ်အလင်းရောင်လောက်နဲ့
(ရာရာစစ)နင့်ကောင်းကင်မှာမှ
တပွင့်ထဲ လင်းချင်ခဲ့တဲ့ကောင်ကိုး။

ဒါပေမယ့် ရွှေယောင်ရယ်..
ဟောဒီကြယ်စုတ်က
ဘယ်လောက်ပဲ တောက်ပပြ တောက်ပပြ
နက္ခတ်တွေစုံလို့
သူနိင်ကိုယ်နိုင် လင်းကြမယ့်အချိန်
ငါပဲ ပိုမှိန်သွားရဦးမှာပါ…။

(၂)

အနေဝေးသထက်ဝေးတာတောင်
သွေးအေး မသွားလောက်အောင်..
ဘယ်လို အစွမ်းတွေနဲ့များ
ငါ့ကို ပြုစားထားရတာလဲ မိရွှေယောင်…။

နင့်အကြောင်းတွေ တွေးလိုက်
ကဗျာတွေရေးလိုက်
သီချင်းတွေ ဆိုလိုက်နဲ့
ငါ့ကိုယ်ငါတောင်ဘာကောင်မှန်း မသိတော့ဘူး…။

ဝေးနေရတယ်ဆိုပြီး
သံသယ စကား
အရိပ်အမြွက်လေးတောင် မဆိုလိုက်ပါနဲ့…
၁ မရှိဘူး
၂ မရှိဘူး
၃ မရှိဘူး….
င့ါရင်ထဲမှာ
နင်တစ်ယောက်တည်း ရှိတာပါ မိရွှေယောင်ရယ်…။

အချိန်ဇယားနဲ့ လွမ်းရတာဆိုပေမယ့်
ဒီကကောင် အချစ်ကလည်း
ရေချိန်လွန်ခဲ့တာ
နင် မသိတာလည်း မဟုတ်ပဲနဲ့။

(၃)

ချစ်တယ် ရွှေယောင်ရယ်
ခြားမယ့်ခြားတော့လည်း
တို့တွေ ကြားမှာက
ရုပ်တွေရော နာမ်တွေရောနဲ့…။

ငါပိုင်တာဆိုလို့ကလည်း
နင်ပေးထားတဲ့
ကဗျာဆရာဆိုတဲ့ ဘွဲ့လေးနဲ့
သူများတွေ ပြောကြတာထက်ပိုပြီး
ကိုယ့်ကိုယ်ကို အသုံးမကျဘူးလို့
မြင်တတ်တာလေးပဲ ရှိခဲ့တာကိုး….။

တယောက်ကို တယောက်
ဘယ်လိုအကြောင်းတွေနဲ့များ
နားလည်နေကြသလဲ ဆိုတာ
ခုထိကို နားမလည်နိုင်ဘူး ရွှေယောင်။

ဘယ်လောက်ပဲ လက်ခမောင်းတွေခတ်ပြ ခတ်ပြ
ငါဆွတ်ရမယ့် ကောင်းကင်တမွတ်က ကြယ်က
အလှမ်းဝေးလိုက်ပုံများ
ကမ္ဘာ့ဆွဲအားကိုတောင် လျစ်လျှူရှုထားတုန်းလေ…။

(၄)

ကြိုနေပါတယ် မိရွှေယောင်ရယ်…
အရင်လိုကြိုနေတုန်းပါပဲ…….
နင်တကယ် လှမ်းလာခဲ့ဖို့ပဲလိုတာပါ။

နင်ပြန်လာရင်ဖတ်ဖို့ ကဗျာတွေရှိတယ်..
နင်ပြန်လာရင် နားထောင်ဖို့သီချင်းတွေရှိတယ်…
နင်ပြန်လာရင်ပြောပြဖို့ အိပ်ရာဝင်ပုံပြင်တွေရှိတယ်….

လောလောဆယ်တော့
အဲ့ဒီ ကဗျာတွေ…
သီချင်းတွေ…
ပုံပြင်တွေနဲ့…
ငါတယောက်ထဲ
အထီးကျန်ကောင်းနေတုန်းပါ မိရွှေယောင်ရယ်။

ကြယ်စုတ်ကြယ်ပဲ့
10:01AM
10.10.2010

In: ကဗျာ Posted By: Date: Oct 16, 2010
Comment #1

ဝေးနေရတယ်ဆိုပြီး
သံသယ စကား
အရိပ်အမြွက်လေးတောင် မဆိုလိုက်ပါနဲ့…
၁ မရှိဘူး
၂ မရှိဘူး
၃ မရှိဘူး….
င့ါရင်ထဲမှာ
နင်တစ်ယောက်တည်း ရှိတာပါ
လောလောဆယ်တော့
အဲ့ဒီ ကဗျာတွေ…
သီချင်းတွေ…
ပုံပြင်တွေနဲ့…
ငါတယောက်ထဲ
အထီးကျန်ကောင်းနေတုန်းပါ
……………………………..

commentinfo By: အသဲကွဲမိုး at Oct 16, 2010
Comment #2

တစ်ချို့နေရာတွေက ဆရာတာရာမင်းဝေရဲ့ မီးတောက်ရစ်သမ် ကဗျာထဲမှ စာသားတွေကို ကျောရိုးယူပြီးရေးထားတယ်နဲ့တူတယ်။

commentinfo By: သက်ထွေး at Oct 16, 2010
Comment #3

ကျောရိုးယူပြီး ရေးထားတယ်တော့မဟုတ်ပါဘူး … ကျနော်က ဆရာတာရာမင်းဝေကို လေးစားနှစ်သက်ခဲ့တဲ့ လူတယောက်ဆိုတော့ သူ့ကဗျာတွေ၊ သုံးနှုန်းပုံတွေနဲ့ ရေးနည်းရေးဟန်တွေက ကျနော့်ကို သြဇာလွှမ်းမိုးကောင်း
လွှမ်းမိုးမှာပါ။ ရေးပြီးတဲ့အချိန်ကျမှ ကိုယ့်ကဗျာကိုယ်ပြန်ဖတ်ကြည့်ရင်း ဒီအသုံးအနှုန်းက ဆရာတာရာမင်းဝေရေးထားခဲ့ဖူးသလားဆိုပြီး ဇဝေဇ၀ါဖြစ်ရတာတွေရှိပါတယ်..အဲ့လိုမျိုးအခါကျရင် ဆရာ့ကဗျာတွေ ပြန်ရှာဖတ်၊တိုက်ရိုက်ကြီး ကူးချလိုက်သလိုများ ဖြစ်နေသလား ပြန်ကြည့်၊ မဟုတ်ဘူးဆိုကာမှ ကဗျာထဲမှာ အဲ့လိုအသုံးအနှုန်းတွေကို ဒီအတိုင်းထားပါတယ်။ ကိုသက်ထွေးပြောချင်တာ
`လောကဓံဦးတုန်းက
အလွန်အကြူးသောက်ခဲ့တဲ့ အရက်တစ်ခွက်
ခုမှ… စံပယ်ရွက်ပေါ် မူးလဲ
အသည်းကွဲတယ်… ဆိုတာ
သီချင်းလေးတွေ တိုးတိုးညည်းရင်းက
ထိရှခဲ့တဲ့… သွေးမဲ့ဒဏ်ရာတစ်ချက်ပါ…။´ ဆိုတာနဲ့
`စံပယ်မဖူးခင်ကတည်းက
မူးခဲ့တာတောင်
ခုထိ (အသားမကျစွာ) ရူးနေတုန်းပါ ရွှေယောင်ရယ်…။´ ဆိုတာကိုထင်ပါတယ် ဒါလဲခုနကပြောသလိုပဲ ရေးပြီးမှသိလိုက်တာပါ။နောက်မှ ကဗျာနဲ့ပြန်တိုက်ကြည့်ပြီး တိုက်ရိုက်သဘောလိုမျိုး၊ စကားလုံးအပြောင်းအလဲလုပ်ထားသလိုမျိုးဖြစ်မနေဘူးလို့ ယူဆလို့ ဖြုတ်ချမထားခဲ့တာပါ။
ကျနော့်ကဗျာနောက်တပုဒ် `ရာသီလွဲပြီး ပွင့်တဲ့ပန်း´မှာပါတဲ့ `မိုးခေါင်လို့တီးခဲ့တာမှ မဟုတ်တာ´ ဆိုတာကတော့ဆရာတာရာမင်းဝေရဲ့ `မိုးခေါင်လို့တီးတဲ့ဗုံသံ´ ကနေယူပြီးသုံးထားတာပါ ။ဒီကဗျာကိုလည်း ကျနော် မီးတောက်ရစ်သမ်ကို ကျောရိုးယူပြီးရေးမယ်ဆိုပြီး ရေးခဲ့တာမဟုတ်ပါဘူး…ကျနော်ပြောချင်တာကတော့ ကျနော့်ကို ဆရာတာရာမင်းဝေရဲ့ အငွေ့အသက် လွှမ်းကောင်းလွှမ်းမယ်…ဒါပေမယ့်လုံးဝ အမှီသဟဲပြုရေးတာမျိုးမဟုတ်ပါဘူး။ကျနော် ရေးတတ်သလိုပဲ ရေးလိုက်တာပါ။comment အတွက် ကျေးဇူးတင်ပါတယ်ကိုသက်ထွေး။

commentinfo By: kyalsote at Oct 16, 2010
Comment #4

ကိုကြယ်ရေ…. ကောင်းပါတယ်ဗျာ ကဗျာလေးက….
စကားလုံးလေးတွေသုံးသွားပုံက …
ဆရာတာရာမင်းဝေအတိုင်းပါပဲ လှလိုက်တာဗျာ…
တကယ်ချီးကျူးမိပါရဲ့…

commentinfo By: ic23u0 at Oct 16, 2010
Comment #5

ကိုကြယ်စုတ်ကြယ်ပဲ့,

အစ်ကိုပြောတာ ကျွန်တော်နားလည်ပါတယ်။ အစ်ကို ကူးမချခဲ့ဘူးဆိုတာလည်း ကျွန်တော်ယုံပါတယ်။ ကျွန်တော်တို့ ကဗျာရေးတဲ့ လူအများစုက ကျွန်တော်တို့လေးစားနှစ်သက်တဲ့ စာရေးဆရာတွေရဲ့ အရိပ်အောက်က လုံးလုံးကြီး ရုန်းထွက်နိုင်တာရှားပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲအပါအ၀င်ပါပဲ။ ကျွန်တော် ဒီကဗျာကို စစဖတ်ကြည့်တော့ ဖတ်နေတာ အစ်ကို့ကဗျာ ခံစားနေမိတာက မီးတောက်ရစ်သမ်ဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော် ကော်မန့်ချန်ခဲ့တာပါ။ ကျွန်တော် မီးတောက်ရစ်သမ်အနေနဲ့ ခံစားမိတဲ့ အပိုဒ်လေးတွေကို အောက်မှာယှဉ်ပြီး ထည့်ပေးလိုက်တယ်။

—————
ငါ့မှာတော့
နင့်အကြောင်း ခေါင်းစဉ်များစွာနဲ့ပဲ
ညတွေ နက်လှပေါ့…
ခြေသလုံးအိမ်တိုင် အတွေးကတောင်
နင့်ဆီပဲပြေးပြေးနေတော့
ငါအိပ်ပျက်တာလဲ မဆန်းလှပါဘူး…။

တာရာမင်းဝေ

(ကျောင်းတော်ရဲ့ စည်းအပြင်
နှောင်းရိပ်တွေတလွင်လွင်နဲ့ …
ထင်ယောင်ထင်မှား
လမ်းပေါ်မှာ ငါစဉ်းစားတာ…
နင့်အကြောင်း.. ခေါင်းစဉ်များစွာပါပဲ။)
—————————————————————
ဝေးနေရတယ်ဆိုပြီး
သံသယ စကား
အရိပ်အမြွက်လေးတောင် မဆိုလိုက်ပါနဲ့…
၁ မရှိဘူး
၂ မရှိဘူး
၃ မရှိဘူး….
င့ါရင်ထဲမှာ
နင်တစ်ယောက်တည်း ရှိတာပါ မိရွှေယောင်ရယ်…။

တာရာမင်းဝေ

(ငါ.. သတ္တိကောင်းကင်မှာ… နီလွင်ထစ်ချုန်း
တစ်..
နှစ်..
သုံး…
အနက်ရှိုင်းဆုံး ထိုးကျပစ်လိုက်တယ်။)

(`မင်းကတော့… ဘာလဲ´လို့
အန္ဓတွေက ၀ိုင်းမေးတော့
၁…၂….၃…၄….၅
ငါ.. အကုန်စဉ်းစားတယ်
၆…၇…၈…၉…ဝ
တစ်ခုမှ မဟုတ်ဘူး
ငါ့အတွက် ဂဏန်းမရှိဘူး…။)

——————————————-
နင့်အကြောင်းတွေ တွေးလိုက်
ကဗျာတွေရေးလိုက်
သီချင်းတွေ ဆိုလိုက်နဲ့
ငါ့ကိုယ်ငါတောင်ဘာကောင်မှန်း မသိတော့ဘူး…။

တာရာမင်းဝေ
(ပန်းခူးရင်း…
သူငယ်ချင်းတွေနဲ့နေရင်း…
စကားပြောရင်း ….
သီချင်းလေးတွေဆိုရင်း…
မင်း….ငါ့ကို မေ့သွားမှာပါ…။)

————–

commentinfo By: သက်ထွေး at Oct 16, 2010
Comment #6

ဖတ်ရတာ ရှည်တယ်..ဘော်ဘော်ရယ်.
ဟိုးမားလို့ မလုပ်ပါနဲ့….
ဟိုက်ကူလို့ပဲ လုပ်ပါ။

commentinfo By: သွေးနက် at Oct 17, 2010
Comment #7

စကာလုံးတိုင်းကို နှစ်သက်မိတယ်

commentinfo By: ရှင်ထိပ်ထား at Oct 17, 2010
Comment #8

ကျောရိုးဘဲခံခံ ဘာဘဲဖြစ်ဖြစ် ဖတ်လို့ ကောင်းတဲ့ ကဗျာလေးပါ…………….

commentinfo By: Flora White at Oct 17, 2010
Comment #9

I Like this Poem

commentinfo By: kgmalay at Oct 18, 2010
Comment #10

ဝန်ခံတဲ့သူက ၀န်ခံပြီးပြီပဲ စိတ်ထဲမထားကြပါနဲ့တော့။
ဘာပဲပြောပြောလေ ဒီနေရာလေးက သူငယ်ချင်းအနည်းစုနဲ့ စည်းစည်းလုံးလေး နေနေကြတာဆိုတော့
မှားတာရှိရင် ဆိုဆုံးမကြပေါ့။ဒါပေမယ့် အရမ်းကြီးဝေဖန်လွန်းနေရင် တစ်ဖက်လူက ဘယ်လောက်အနေ၇ခက်မလဲ။ခံရတဲ့သူဖက်က တစ်ချက်လောက် ခံစားကြည့်ပေးလိုက်ပါ။
နဒီ့ အမြင်ကိုပြောပြတာပါ။ အမှားပါရင် ခွင့်လွှတ်စေချင်ပါတယ်။

commentinfo By: layykyoe at Jan 1, 2011
Comment #11

မှန်တယ်မှန်တယ် ထောက်ခံတယ် ကျော၇ိုးပဖြစ်ဖြစ် ဗိုက်သားပဲဖြစ်ဖြစ် ကောင်းတာကတော့ကောင်းတာပဲ
ပြောတဲ့လူလဲမှန်တယ်ေ၇းတဲ့လူလဲမှန်တယ်
မကောင်းတာကတော့ အဲလိုစေတနာနဲ့ပြောလိုက်တော့ အားလုံးမြင်တဲ့ဆိုက်ဒ်မှာ ခံစားမိတဲ့လူ အနေ၇ကျပ်မှာပေါ့
သဲလဲ စိတ်ထဲ၇ှိတဲ့အတိုင်း ပြောတာပါ လွန်တာ၇ှိ ၀န္ဒာမိပါ

commentinfo By: မိုးသည်း at Jan 8, 2011
Comment #12

အနေဝေးသထက်ဝေးတာတောင်
သွေးအေး မသွားလောက်အောင်..
ဘယ်လို အစွမ်းတွေနဲ့များ
ငါ့ကို ပြုစားထားရတာလဲ…။

အဲဒီစာသားကို ၇င်း၇င်းနှီးနှီးသိနေသလိုပဲ

commentinfo By: ဒီမွန် at Sep 25, 2011
Comment #13

Super like
Really perfect
Really excellent

commentinfo By: ei lay at Sep 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment