Professional Authors

“အရောင်များ ၂”

“အရောင်များ ၂”

ထိတွေ့ခံစားမိလိုက်တာနဲ့ လန်းဆန်းတက်ကြွမိတဲ့အရောင်တွေ….
ငေးလိုက်တိုင်း ရင်ထဲမှာ လွမ်းပြီး ကျန်ခဲ့တဲ့ အရောင်တွေ….
ဘယ်ချိန် ကြည့်ကြည့် နွေးထွေးချိုမြနေတဲ့ အရောင်တွေ….
ဘယ်ချိန် ကြည့်ကြည့် စိတ်ထဲက ဗလာ ရောက်လာတဲ့ အရောင်တွေ….
ပန်းကလေးတွေရဲ့ အရောင်တွေ….
လမ်းကလေးတွေရဲ့ အရောင်တွေ…..
စိတ် ရဲ့ အရောင်တွေ….
အတိတ် ရဲ့ အရောင်တွေ…
နမိတ် ရဲ့ အရောင်တွေ…။

အရောင်တွေက
အချိန်ကာလနဲ့အတူလည်း စကားတွေ ပြောတတ်ပါရဲ့…
စိတ်တွေကလည်း
အချိန်ကာလနဲ့အတူ အရောင်တွေ ပြောင်းတတ်ကြပါရဲ့။

လမ်းလေးတစ်ခုအပေါ်မှာတောင်မှ
ငယ်ငယ်တုန်းက ခြယ်မှုန်းခဲ့ဖူးတာတွေက သိပ်ကို စိတ်ကူးယဉ်ဆန်ခဲ့ဖူးမယ်
ဖူးပွင့်ဖို့ အရှိန်ယူခါစ အရွယ်ဟာ သိပ်ကို တက်ကြွလွန်းတာလဲ ပါလိမ့်မယ်..
ပန်းလေးတွေ ဖူးပွင့်လာတော့လည်း
ကိုယ့် အရောင်လေးတွေကို ကိုယ်ပြန်ကြည့်ရင် ကျေနပ်မိကြမယ်
ကိုယ့်အရောင်ဆိုတာကလည်း ကိုယ်ပဲ စပ်ဟပ်ခဲ့တာ မဟုတ်ပါလားလေ
ဘ၀ကို အရောင်တွေက သိပ်စကားပြောနေတာလား…။

အရောင်တွေ ပြောင်းကြသတဲ့…။
တန်ပြန် သက်ရောက်မှုမှာ အရောင်တွေ ပြောင်းတတ်ကြပါတယ်…
မုဆိုးနားနီး မုဆိုး၊ တံငါ နားနီး တံငါပေါ့လေ…
ပတ်ဝန်းကျင်ကလည်း အရောင်တွေ ပြောင်းတယ်
စိတ်တွေကလည်း အရောင်တွေ ပြောင်းကြတယ်
ရိုက်ခတ်လိုက်တဲ့ အလင်းတန်းကို လက်ခံခြင်းဟာ အရောင်ပြောင်းလဲခြင်းနဲ့ သက်ဆိုင်မှာပါ
သေချာတာကတော့ အရောင်တွေ ပြောင်းကြတယ်….။

အရောင်တွေ ပြောင်းတတ်ကြတာများ
အိပ်မက်တွေတောင် အရောင်ပြောင်းတတ်ကြတယ်
ဒါဟာ… လိုအပ်မှုကို ပြန်လည်မွမ်းမံနေတာလား
စွဲမြဲစွာ ဆုပ်ကိုင်ထားခြင်းနဲ့အတူ
မသိလိုက် မသိဖာသာ အရောင်ပြောင်းနေကြတာလား
သေချာ ရေရာဖို့ ဝေခွဲ သဲကွဲဖို့ လိုနေမှာပါ….။

အကြိမ်ကြိမ် ပြန်မေးနေမိပါတယ်…
အရောင်တွေက ခံစားချက်ကို မွေးဖွားပေးတာလား
စိတ်တွေက အရောင်တွေအပေါ် ခံစားပေးတာလား…..။

စကားချပ်….။

ကိုယ် နေထိုင်တဲ့ ဟင်းလင်းခွင်တစ်ခုအထဲမှာ ရှိတဲ့ အရောင်တွေကို လှမ်းကြည့်တော့ အတွေးတွေ များရတယ်…။ တကယ်ပါပဲ… ပတ်ဝန်းကျင်ဆိုတာ အရောင် သိပ်စုံတယ်.. စိတ်ကူးတွေ ဆိုတာ အရောင် သိပ်စုံတယ်…လေ။

In: ကဗျာ Posted By: Date: Oct 9, 2010
Comment #1

Right

commentinfo By: ei lay at Dec 24, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment