Professional Authors

လမ်းခွဲခဲ့သော ချစ်သူသို့

 

လမ်းခွဲသင့်ပြီတဲ့……

အခြေအမြစ်မရှိတဲ့ နင့်စကား

ငါအံသြတယ်ချစ်သူ……။

သက္ကရာဇ်တွေနဲ့မြဲခဲ့တဲ့   ငါတို့တွဲလက်…….

နင့်အသိုင်းအ၀ိုင်းဆိုတာနဲ့  လဲရက်တယ်ပေါ့…….။

ပတ်ဝန်းကျင်ရဲ့ထိုးနှက်ခြင်းတွေထဲ

ပျော်ဝင်ခဲ့တဲ့ နင့်သံသယ……

ငါတို့ရဲ့စိတ်ကူးတွေကို တိုက်စား

နင်ကိုယ်တိုင်ယုံမှားခဲ့ရင် ငါဝမ်းနည်းမိတယ် ချစ်သူ…။

ငါ့အနာဂတ်အတွက် နင်တစ်ယောက်တည်း

အစီအစဉ်တွေဆွဲ လူတကာရဲ့အားကျခြင်း

နင်ဖန်တီးယူနိုင်ခဲ့တာပဲ…….။

ဒီလိုနဲ့ရှေ့ဆက်တွဲ နင်ဘာကြောင့်မရဲတော့တာလဲ…..?

အားနည်းချက်ရှိခဲ့တဲ့ ငါ့ဘ၀ထဲ

ဖေးမမှုတွေနဲ့ နင်စွက်ဖက်

တစ်ယောက်တည်း ငါမနေတက်တော့မှ

နင် အထီးကျန်ခြင်းတွေကို ပေးအပ်ခဲ့တယ်…….။

ဂုဏ်ဒြပ်တွေပြည့်နေတဲ့ နင်တို့ရဲ့အစဉ်အလာတွေထဲ

နင့်ကို ချစ်တဲ့စိတ်တွေနဲ့ ၀င်ဆန့်နိုင်ဖို့…..

သိပ်မရှိတဲ့ငါ့မာနက လက်မခံဘူးဖြစ်နေတယ်……။

နေပါစေတော့ချစ်သူ

ရိုက်ခက်မှုတွေမခံနိုင်တဲ့ နင့်ပျော့ညံ့ခြင်းနဲ့

ငါ့ရဲ့ လက်တွဲဖော်လည်း မဖြစ်ထိုက်တော့ပါဘူး…..။

စာနာမှုတွေနဲ့ ငါ့ဘေး နင်ရပ်တည်ခဲ့ဖူးတဲ့

အတိတ်တွေထဲလည်း ငါမကျင်လည်ချင်တော့ပါဘူး…။

နင်မပါတော့တဲ့ ငါ့အနာဂတ်ထဲ

ရင့်ကျက်မှုတွေနဲ့မိတ်ဆက်

တွေဝေမှုတွေနဲ့ လွန်ဆွဲနေတဲ့ နင့်ကိုလည်း

ထပ်မလွမ်းချင်တော့ပါဘူး…..။

ဆုံးဖြတ်ချက်အသစ်တွေနဲ့

မနက်ဖြန်တွေကို ရှေ့ဆက်……..

နင်ချန်ရစ်ခဲ့လို့ ထပ်မငိုချင်တော့တဲ့ငါ

တိုက်ဆိုင်မှုတွေရှိတိုင်း

ညည်းဆိုမိနေတာ “လမ်းခွဲ” သီချင်းတစ်ပုဒ်ထဲရယ်ပါ….။

In: ကဗျာ Posted By: Date: Oct 7, 2010
Comment #1

ကေ ကဗျာလေးက အရမ်းကို သီချင်းလေး ထဲက အတိုင်းပဲ ဟဲဟဲ အရမ်းကို ခံစားရတယ်
ကဗျာ လေးတွေ ကို အရမ်းကြိုက်တယ် အပြင်မှာကော တကယ်ပဲ အသည်းကွဲနေတာလား
ဒါဆို ကေ အရမ်း ခံစားနေရမှာပေါ့နော်

commentinfo By: Zin Zin at Oct 8, 2010
Comment #2

တူတူပါပဲ…….တကယ်ခံစားရတယ်

commentinfo By: အသဲကွဲမိုး at Oct 18, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment