Professional Authors

“ကိုလံဘတ်(စ်)ရဲ့ နိယာမ”

ကဗျာတပုဒ်ကို အရှိအတိုင်း အန်ချဖို့ …

ကဗျာဆန်တဲ့ အမှောင်ပျိုးလမင်းကို ရှာတယ် …
ကဗျာဆန်တဲ့ နှင်းဆီဘုရင်မကို ရှာတယ် …
ကဗျာဆန်တဲ့ ကောင်းကင်ဘုံက စံပယ်ကို ခူးတယ် …
ကဗျာဆန်တဲ့ စာသားတွေကို တစစီဖြုတ်ပြီး ပြန်စီကြည့်တယ် …

နောက်ဆုံးတော့ …
ကဗျာတပုဒ် ငါ စပ်လိုက်တယ် …
“ငါ့ကဗျာ နဲ့ ငါ ဝေးကွာခဲ့ပြီပဲ” …
– – – – – – – – – – – – – –
– – – – – – – – – – – – – –
ရှေ့ကိုပဲ ရှုတတ်တဲ့ ငါ့မျက်လုံးတွေကြောင့် …
ရှေ့ကိုပဲ လှမ်းတတ်တဲ့ ငါ့ခြေထောက်တွေကြောင့် …
ရယ်သံတွေကို နောက်ပြန်မပို့တတ်တဲ့ ငါ့နှုတ်ခမ်းတွေကြောင့် …
ဝေးခဲ့တယ် … လို့သာ ခပ်ရှင်းရှင်း မှတ်ယူပေးပါ …

ရောမတမြို့လုံး ငရဲမီးထွန်းပွဲ ကျင်းပနေတာတောင်မှ
တယောထိုးမပျက်ခဲ့တဲ့ နီရိုး ဘုရင်ကြီးလို …
ငါ့အနာဂတ်တွေကို နင့်နှုတ်ခမ်းပါးထက်ဆီ ရက်ရက်ရောရောနဲ့
ဝေသန္တရာ ဇာတ်မခင်းခဲ့နိုင်တာ တခုလည်း ခွင့်လွှတ်ပါ …
– – – – – – – – – – – – – – –
– – – – – – – – – – – – – – –
“အချစ်ဟာ ဘ၀မှာ ချိုမြိန်ပေမဲ့ …
ဘ၀ဟာ အချစ်မှာ မချိုမြိန်ဘူး …”
– – – – – – – – – – – – – – –
– – – – – – – – – – – – – – –
အသေကောင်မျှော်လင့်ခြင်းတွေ အခုချိန်ထိ
အသက်တော့ မျောမျောရှုနေပါသေးတယ် …
စကားတစ်ခွန်းကို မရိုးမအီဘဲ ခေါက်တုံ့ခေါက်ပြန် ဆိုနေရင်းနဲ့ပေါ့လေ – –
“ဆုံကြဦးမှာပါ …”
– – – – – – – – – – – – – – – –
– – – – – – – – – – – – – – – –
ကမ္ဘာကြီး လုံးဝန်းပြီး လည်ပတ်နေတဲ့အတွက် …
ငါ ဖြတ်သန်းနေတဲ့ အရှေ့အရပ်ကလည်း
တနေ့တော့ အနောက်အရပ်ဆီ ခြေချဖြစ်ဦးမှာပါ …

In: ကဗျာ Posted By: Date: Sep 20, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment