Professional Authors

အမွှေးတိုင်

…….. ငါ ……..
ဖျတ်ခနဲ တွေ့လိုက်ရတဲ့
အမွှေးတိုင်တစ်ချောင်း
စိတ်မကောင်းစွာနဲ့
ရင်နင့်မိတယ်
ငါ့ဘ၀လိုပါပဲလား

ဘာရယ်တော့မဟုတ်ပါဘူး
နံ့သာမှုန့်လေးတွေ
သွေးမတော်သားမစပ်
ဝါးချောင်းလေးနဲ့
ပူးကပ်နေရတာလည်း
တစ်ဒုက္ခ

ဒီကြားထဲ
အလိုက်မသိတဲ့ချစ်သူက
ငယ်ထိပ်ကမီးညှိလို့
အပူပေးတယ်
လုပ်ရက်လေခြင်းကွယ်

ဝဋ်ကြွေးမို့
ပူတယ်မပြောသာ
ခဏသာမီးတောက်လို့
တငွေ့ငွေ့လောင်လိုက်ရတယ်
ဆိုးလိုက်ပါဘိ

ချစ်သူကတော့
အယူတော်ဝင်ကာ
ပူဇော်ချင်သူရှေ့
ငါ့ကိုဆက်သလို့
လိုရာဆုတွေ တောင်းနေလိုက်တာ
ပူနေတဲ့ ငါ့ကိုမှအားမနာ
ပါရမီတွေဖြည့်လိုက်ရတယ်

ရပါတယ် ချစ်သူရယ်
မင်းဆန္ဒတွေပြည့်ဖို့
ငါ့အမွှေးနံ့သာတွေ အကုန်ထုတ်လို့
အစွမ်းကုန်လောင်ကျွမ်းပါ့မယ်
မင်းကျေနပ်ဖို့

ဒီလိုနဲ့ အချိန်က၀ါးမြို
ငါ့သေချိန်ကလည်းနီး
မင်းဆုတွေပြည့်လောက်ပြီလို့
ပီတိတွေဖြစ် နေရစ်မယ်ကြံတုန်း

ငါ့ကိုယ်ငါ အမွှေးတိုင်လုပ်လို့
ပြာတွေကလည်း တဖုတ်ဖုတ်
အရိုးတံလေး ငုတ်တုတ်
(အဲ့ဒါလေး ကျန်တာကိုပဲ
ချစ်သူက သွားကြားထိုးတံ
လုပ်သွားတယ်)

မင်းသိပ်ရက်စက်တယ်ကွာ

ဆရာ “နတ်ရွာမိုး” ရေးသားသော “ပန်းဝတ်ရည်ညထဲကအသည်းကွဲသီချင်း” ၀တ္ထုမှ
စာသားကို “နောက်ဆုံးပိုဒ်” တွင် ထည့်သွင်းခံစား ရေးဖွဲ့ထားပါသည်။

In: ကဗျာ Posted By: Date: Aug 16, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment