Professional Authors

ပေါက်ကွဲသံစဉ်

အတ္တကို အရေခြုံ
မာနကို တန်ဆာဆင်လို့
အသက်ရှင်နေကြတာခြင်းအတူတူ
တခါတလေမှာ
ကိုယ်ချင်းစာတရားဆိုတာ
လိုအပ်တယ်လို့
မတွေးမိကြတာလား
မတွေးတတ်ချင်ယောင်ဆာင်ကြတာလား…။

ငါဟာ
လောဘရဲ့တောင်းဆိုမှုကြောင့်
နေမကောင်းဖြစ်နေရက်နဲ့ရောဂါကို
ပင်ပန်းခြင်းနဲ့ ကုသခဲ့
ဟုတ်ကဲ့
ဘယ်သူ့အပြစ်မှမဟုတ်ပါဘူး
ကိုယ့်ဒေါသနဲ့ကိုယ်ပါ…။

အားလုံးဟာ
ကိုယ့်ဘက်ကိုယ်ကြည့်
ကိုယ့်အတွက်ကိုယ်ကြည့်တတ်တာ
သဘာဝဆိုပေမယ့်
တခါတရံ
၃၆၀ ဒီဂရီ လှည့်ကြည့်တတ်မှ
သူများဘယ်လိုကြည့်လဲ
မြင်တတ်သွားမယ်
နားလည်တတ်သွားမယ်…။

ကျေးဇူးပြုပြီး
ကျေးဇူးမတင်ချင်နေပါ
စေတနာစော်ကားပြီး
ကျေးဇူးတော့ မကန်းကြပါနဲ့
လူပဲ လူပီသအောင်နေရင်း
လူသားအဆန်လွန်တာများတော့လဲ
သူများကို ထိခိုက်တတ်တယ်ဆိုတာ
နားလည်ကြပါ…။

သည်းခံတယ်ဆိုတိုင်း
ပြုံးနေတယ်ဆိုတိုင်း
အနိုင်ကျင့်လို့ရမယ်လို့
မတွေးကြပါနဲ့
ရေမြွေတောင် အဆိပ်မရှိပေမယ့်
ကိုက်တတ်သေးတာပဲ…။

တစ်ကြိမ်တစ်ခါတော့
မဖြစ်နိုင်တာကို စိတ်ကူးဖူးတယ်
ဟန်ဆောင်ပြုံးနေတာတွေကိုရပ်ပစ်လို့
ကလေးဆိုးတစ်ယောက်လို
အော်ဟစ်ပြီး ရန်တွေ့လိုက်ချင်တယ်
နှုတ်ခမ်းဆူပြီး
မမြင်ချင်ယောင်ဆောင်လိုက်ချင်တယ်
လုပ်ကြည့်ပါလား
အဆင့်မရှိပဲ ရိုင်းစိုင်းလိုက်တာလို့
ပြောဖို့ ပါးစပ်တွေက
အဆင်သင့်…။

အော်…တရားကျဖို့ကောင်းလိုက်တာနော်
မုသာဝါဒကို အချိန်အခါအလိုက်
ပြောလို့ သုံးလို့
အဆင်ပြေကြလို့
ကိုယ်ကိုယ်တိုင်ပါ အပါအ၀င်ပေါ့…။

ကောင်းပါတယ်
နေတတ်ရင် ကျေနပ်စရာကြီးပါဆိုတဲ့
လောကကြီးထဲမှာ
ငါပဲအနေမတတ်တာလား
လောကကြီးကပဲ
ကျေနပ်စရာ မကောင်းတာလား…။

ထားပါလေ
အဓိကအရေးကြီးတာက
နေတတ်ဖို့ထက်
အသေတတ်ဖို့ဆိုတာ
မမေ့ဖို့ ကိုယ့်ကိုယ်ကို
သတိပေးရင်း
အင်း….
အသေတတ်ဖို့…။

In: ကဗျာ Posted By: Date: Aug 10, 2010
Comment #1

အဲ ဘယ်သူများ ပေါက်ကွဲနေတာလဲလို့…. … =D ကောင်းတယ် ကောင်းတယ် ချ ချ!

commentinfo By: သီဟ (တီပီ) at Sep 30, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment