Professional Authors

ခင်ဗျားရဲ့အမြစ်ဟာ သိပ်ခိုင်ခန့်လွန်းတယ် (အိုင်လွယ်ပန်)

ခြေချင်းလိမ်နေတဲ့ သတ္တဝါပေါင်းစုံတွေ
ပွတ်တိုက်ရွေ့လျားနေတဲ့ အရာဝတ္ထုတွေ
လောကကြီးရဲ့ရင်ခေါင်းထဲမှာဆူညံ
ရပ်တည်မှုမှာ
ပုံစုံမျိုးစုံနဲ့ ပြိုဆင်းခဲ့ကြပြီ ……………

နှစ်ခုပဲလိုသတဲ့
မဖြစ်ဖြစ်အောင်လုပ်ဖို့ရယ်
ဖြစ်မလာရင်လည်းဘာမှမဖြစ်ဖို့ရယ်
လွယ်လိုက်တာ
ပြောရတာကိုပြောပါတယ် …………

ဂြိုလ်စီး ဂြိုလ်နင်း စန်း လဂ်
ရာသီခွင်ကောင်းကောင်း မကောင်းကောင်း
အစာအိမ်ဆိုတာကတော့ အချိန်တန်ရင်ဆာမယ်
ကာလဒေသ အဖွင့်အပိတ် အတို့အထိ
ကမ္ဘာမြေကြီးနဲ့ တစ်စားပွဲထဲ ညစာစားဖို့
နည်းနည်းဖြစ်ဖြစ်လောက်တော့
လိုက်ပါတိမ်းစောင်းတတ်လိုက်ရပေါ့ …………………….

အာရုံနွံ
လှုပ်လေ မြုပ်လေ
ခံစားမှုကျောက်သား
တိုက်စားလေလေ ပါးလေလေ
ချိန်ထိုးစိုက်ပျိုးတဲ့အလေ့အထဟာ
ဘယ်ကစ ကူးစက်ခဲ့တာလဲကွယ် …………………

အားလုံးကိုစိတ်ကုန်ပြီတဲ့
အသက်ကိုဝဝရှုသွင်း
အရာရာနဲ့
ကင်းလွတ်ရာကင်းလွတ်ကြောင်း
နှလုံးသားပလပ်ခေါင်းကို ဆွဲဖြုတ်ချကြည့်တော့
တစ်စုံတစ်ရာဟာ ခုခံနေခဲ့
ကဗျာ
နှစ်လုံးထဲဟာ တစ်ဘဝလုံးကို သပ်လျှိုထားသလို ……………………

အိုင်လွယ်ပန်

In: ကဗျာ,အိုင်လွယ်ပန် Posted By: Date: Jul 20, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment