Professional Authors

အဖြေမသိသေးတဲ့ အဖြူရောင်


အဖြေမသိသေးတဲ့  အဖြူရောင်

   အမှတ်တမဲ့ ပါပဲ
တို့တွေ ထိမိရှမိခဲ့ကြတဲ့
စနောက်ခင်မင်မှု့တွေနဲ့
တစ်ယောက်ကို တစ်ယောက်
အဖြူရောင်တွေ နဲ့  ခင်းကျင်း
ရင်းနှီးမှု့ကို တီးခေါက်ထုဆစ် ခဲ့ကြပေါ့
 ကိုယ်စီပျိုးရွှေရောင်အိပ်မက်
စိတ်ကူးအနာဂတ်တွေရင်းပြီး
အဲဒီကျောင်းလမ်းတစ်လျှောက်မှာ
အမှတ်တရတွေ ကြဲဖြန့်
ဘ၀တွေ ပြိုးပြိုးပျက်ပျက်လင်းလက်ပျော်ရွှင်ခဲ့ကြတယ်။

 တရံတခါမကပါပဲ
ပြန်ရွာချမိတဲ့ စကားလုံးစိမ်းစိမ်း
မြက်ခင်းပြင် ငြင်းခုံမှု့တွေထဲ
ငါတို့ရဲ့  ရယ်သံတချို့
ပျောက်ဆုံးနေရော့သလား
ငါတူးဖော်ကြည့်ခဲ့ ယုံကြည်ခြင်းတွေမှာ
ဝါဖန့်ဖန့် ညနေအိုတွေ  ကြေကွဲ
ပြယ်လွင့်မသွားသေးတဲ့ လေညင်းကြားက
ဘုရားကျောင်းခေါင်းလောင်းသံတွေ
 သဲ့သဲ့လွင်လွင်နဲ့  အမြဲငါအထီးကျန်ပျံဝဲနေခဲ့တယ်။

 ခုတော့ ငါတစ်ယောက်တည်း
ဟိုတုန်းက ကျောင်းလမ်းတွေ ပြန်လျှောက်
ကျပျောက်ခဲ့တဲ့ တို့နှစ်ယောက်ရဲ့ တစ်စုံတစ်ရာကို
ခြေရာတွေအောက်မှာ ငါရှာဖွေ
တကယ်တော့ ငါနင့်အပေါ်ထားတဲ့
သံယောဇဉ်ဆိုတော့ကလည်း
နွေဦးထဲက ရွက်ဝါတွေလို
ပြန်မရနိုင်တော့ပေမယ့်
နှစ်ခါပြန် ကြွေနေချင်တုန်းပါပဲ.သူငယ်ချင်းရယ်။

 တို့တွေ ပြန်တွေ့ ချိန်မှာ လိုချင်မိတာ
ငါ ခပ်ရေးရေးမေးမိတယ်
မကွယ်ဝှက်တတ်တဲ့ နင့်အပြုံး
အလွမ်းသီချင်းဆိုရင်း
ငါ တုန်လှူပ်ခဲ့ရတဲ့ နင့် ရှိုက်သံများ
ဘ၀မှာ တခါတခါတော့
ခါးတာကိုပဲ ကြိုက်တတ်ရင်
နင်မအံ့သြပါနဲ့.
ငါမျှော်လင့်ဖူးတဲ့ တစ်ခုတည်းသော
ကျောင်းတံခါးဝ မနက်တွေပြည့်စုံဖို့
ကြည်နူးခြင်းတွေက အတိတ်တွေဆီကနေ
နိုးထကောင်းပါရဲ့။

 သူငယ်ချင်းရေ
ကံကြမ္မာကို နူပျိုခြင်းနဲ့ ဖက်ပြိုင်
မှင်ရေကျဲခဲ့တဲ့  ငါတို့ ရည်ရွယ်ချက်တို့အတွက်
စတေးခံခဲ့ရတဲ့ လွတ်လပ်မှု့ တွေကို
နှမျောတမ်းတမိတယ်။

 ဈေးဆစ်ခွင့်မရှိတဲ့ ဇရာရဲ့ အပြောင်းအလဲမှာ
တို့တွေ ပြန်ဆုံဖို့ ခြားနားစေတာ
ရာသီတွေထဲက ပြက္ခဒိန် မဟုတ်ဘူး
နာရီတွေထဲက  ရွက်ကြွေတွေလဲ မဟုတ်ဘူး
နင် ပျံသန်းရင်း ကပ်ငြိလာမဲ့
မာန အကိုင်းအခက်တွေပဲဖြစ်မှာပါ။

 ငါသတိရတိုင်း  ငေးမိတဲ့
အတူတူ ဆုံနေကျ
တနင်္ဂနွေမနက်တွေရဲ့ ကောင်းကင်အောက်
ဟိုးအဝေးက မိုးသောက် ကြယ်လေးဘေးမှာ
နင်များ အတွေးတွေနယ်ချဲ့ 
တို့တွေ ဝေးခဲ့တဲ့ ဗလာကွက်တွေကို
စိတ်ကူးနဲ့ ဆေးခြယ်နေမလား
ငါအရမ်း သိချင်လိုက်တာ..
အတိတ်တွေတစ်လွှာစီခွာချမိတဲ့ ငါ့နံရံမှာ
တိမ်တွေငိုတာလား ပင်လယ်ပြိုတာလား
စိန်ပန်းနီနီတွေကတော့ မျက်ရည်တွေ ရွှဲနစ်လို့ပေါ့။

သူငယ်ချင်းရေ
အရှင့်ဆီက ငါဆုတစ်ခုသာ ရခဲ့ရင်လေ
ငါ့ကိုယ်ငါ တိမ်တွေအဖြစ်ဖန်ဆင်း
တို့ တွေရဲ့ အတိတ်ဖြူဖြူ ကို သံယောဇဉ် မိုးစက်တွေနဲ့
အချိန်မီ အသက်ရှင်သန်ခွင့်ပြုဖို့အတွက်
အရှင့်ဖ၀ါးထက် ငါလက်ယှက်ဆုတောင်းမိခဲ့တယ်။

In: ကဗျာ Posted By: Date: Jul 1, 2010
Comment #1

အဖြူရောင်ကဗျာတပုဒ်ပါပဲ အားပေးသွားတယ်ချင့်

commentinfo By: Snow Pan Lay at Jul 1, 2010
Comment #2

ကဗျာလေးက တကယ့်ကိုအဖြူသက်သက်လေးပါ…။ ဒီဆိုက်ဒ်မှာ
ပထမဆုံးကဗျာစတင်တာထင်တယ်။။။ ဆက်ကြိုးစားပါ…။ကြိုဆိုပါတယ်…။

commentinfo By: naynyo23 at Jul 1, 2010
Comment #3

်သူငယ်ချင်းရေ

သတိရတယ်

commentinfo By: sunshine at Sep 18, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment