Professional Authors

မင်းကငါ့ကိုချစ်တယ်… ဒါပေမဲ့ နားလည်ဖို့တော့တတ်နိုင်မှာမဟုတ်ဘူး

(၁)

ငါ့ကန္တာရထဲမှာ မြက်ရိုင်းတွေ စိမ်းစိုကြတယ်
နေရောင်ဟာ ငါ့ကိုယ်ထဲကနေ လျှံကျနေတယ်
ငါဟာ တစ်နေရာရောက်တော့ ငါ့ကျယ်ပြန့်မှုကို ရပ်တန့်လိုက်ရတယ်
မင်းက ငါ့ကို ချစ်တယ်
ဒါပေမဲ့ နားလည်ဖို့တော့တတ်နိုင်မှာမဟုတ်ဘူး

(၂)

သွေးစက်လက်ကျနေတဲ့ ရိုင်းရိုင်းစိုင်းစိုင်းနူးညံ့မှုဟာ
မင်းကိုမတွေ့ခင်အထိ
ထိခိုက်လွယ်တဲ့ ပင်လယ်ထဲမှာ ဆွေးမြည့်ပြိုကျနေခဲ့တယ်
ငါဟာ နိုင်ငံတစ်နိုင်ငံဖြစ်တယ်
ဒါမှမဟုတ်
ကြောင်ကုတ်ခံလိုက်ရတဲ့ အသေးစားသွေးကြောထိခိုက်မှုဖြစ်တယ်
မင်းနားလည်မှာမဟုတ်ဘူး

(၃)

တစ်ထောင့်တစ်ညပုံပြင်တွေထဲမှာ
ဆန့်ကျင်စီးဆင်းတတ်တဲ့ သွေးကြောကို ငါခုတ်ဖြတ်ခဲ့တယ်
ဒီနေ့ဟာ သုံးရက်မြောက်တဲ့နေ့ပဲ
ချစ်ခြင်းမေတ္တာကို ငါ ဆာတယ်
မင်းငါ့ကို နားလည်မှာမဟုတ်ဘူး

(၄)

ငါ့အိပ်မက်ထဲမှာ စကားပြောတတ်တဲ့ ကြက်တူရွေးလေးကို
ထိလိုက်ရင် နှင်းဆီတွေ ထပွင့်တတ်တဲ့ ကင်ဆာဆဲလ်နဲ့
ငါကောက်ပေါက်ခဲ့တယ်
ငါလည်းပဲ အပြင်းအထန်နာကျင်ရပါတယ်
မင်းငါ့ကို ဘယ်တော့မှ နားလည်မှာမဟုတ်ဘူး

(၅)

ငါဟာ အရေးပေါ်လိုအပ်ချက်ဖြစ်တယ်
မျက်ရည်နဲ့ ငါ့ကိုနမ်းရှိုက်လိုက်ရင်
အလွယ်တကူမှောင်ကျသွားတဲ့ ညကမ္ဘာဖြစ်တယ်
သတိရမှုကို ပြောင်းပြန်ခုတ်မောင်းနေတဲ့
သန်းခေါင်ယံရထား ဖြစ်တယ်
မင်းက ငါ့ကို ချစ်တယ်
ဒါပေမဲ့ နားလည်ဖို့တော့တတ်နိုင်မှာမဟုတ်ဘူး…။

In: ကဗျာ Posted By: Date: Jan 31, 2018

Leave Comments

Name*

Email*
Website
Email me whenever there is new comment