Professional Authors

လိုချင်တဲ့ကမ္ဘာ (ပိုင်စိုးဝေ)

ဖြူစင်သန့်ရှင်းတဲ့
ချစ်ခြင်းမေတ္တာတရားအပေါ်
ကျွန်တော်တို့ယုံကြည့်ကြရမယ်
စာနာထောက်ထားတဲ့
ကရုဏာတရားကို
ကျွန်တော်တို့ လေးစားလိုက်နာကြရမယ်။
ဗြဟ္မစိုရ်တရားအားလုံး
လူသားဝိညာဉ်တွေအပေါ်
စွတ်စိုဖုံးလွှမ်း ပျံ့နှံ့ပြီးတော့
စစ်ပွဲဆိုတာ မရှိ
ငတ်မွတ်ခေါင်းပါးခြင်းလည်း ကင်း
ငြိမ်းချမ်းသာယာပြီး ရောင်စုံပန်းတွေပွင့်
အချစ်များစွာနဲ့ ဟောသည်ကမ္ဘာကြီးကို
ကျွန်တော်တို့ တည်ဆောက်ကြရမယ်။
လူတိုင်းရဲ့ဘဝဟာ
သာယာလှပတဲ့ရှုမျှော်ခင်းပန်းချီကားတစ်ချပ်လို
ငြိမ်သက်အေးချမ်းပြီးတော့
ထာဝရ စိမ်းစိုလန်းဆန်း။
ပင်လယ်ပြင်ဟာ
သဘာဝအတိုင်းငြိမ်သက်
တစ်ခါတစ်ခါ သဘာဝအတိုင်းလှိုင်းထန်
သစ်ပင်တွေကလည်း
လေကောင်းလေသန့်ကိုရှူရှိုက်ရလို့မို့
ရှင်သန်ဖွံ့ထွားဝေစည်
အာဃာတနဲ့ အဘိဇ္ဇာတရားတွေကင်းရှင်း
လူသားအချင်းချင်း ချစ်ကြည်ရင်းနှီးပြီးတော့
စိတ်ထားမွန်မြတ်သန့်ရှင်းကြ
ဒုက္ခဆိုတဲ့ စကားလုံးမရှိ
အမုန်းဆိုတဲ့ စကားလုံးမရှိ
မာနလည်းမရှိ ပျော်ရွှင်ချမ်းမြေ့စွာ
ကမ္ဘာကြီးငြိမ်းချမ်း အနှောင်အဖွဲ့ကင်း
လွတ်လပ်ခြင်းအပြည့်နဲ့
မြက်ခင်းပြင်တွေပေါ် ကခုန်သီချင်းဆို
အဲသည်လို ကမ္ဘာကြိးမျိုးကို
ကျွန်တော်တို့ တည်ဆောက်ကြရမယ်။
ကလေးလေးတွေပျော်ရွှင်
အာဟာရပြည့်ဝ လွတ်လပ်စွာ ပညာသင်
သူတို့အတွက် သီးသန့် ပန်းဥယျာဉ်တွေနဲ့။
အမျိုးသမီးတိုင်းဟာ
ချောမောလှပ သဘောကျစရာ
အကျည်းတန်သူ တစ်ယောက်မျှမရှိ
ပြီးတော့ လူတိုင်းအတွက် ဆေးဝါးအလျှံပယ်
အို…ရောဂါဘယဆိုတာတောင် မရှိတော့လို့မို့
ဆေးဝါးဆိုတာ အပိုပစ္စည်းသက်သက်ပဲပေါ့။
ပန်းချီဆရာတွေ အတွက်လည်း
အရောင်တွေပေါများကြွယ်ဝ
အနုပညာဘာသာရပ်ကို
ကျောင်းတိုင်းမှာ သင်ကြားပို့ချ
ကဗျာဆရာတွေကလည်း
စကားလုံးတွေအများကြီးကို ပိုင်ဆိုင်
အလှတရားကို လူတိုင်းခံစားနိုင်။
သစ်ပင်တွေရဲ့ထိပ်ဖျားက
လယ်ကွင်းပြင်တွေပေါ် ဖြတ်တိုက်သွားတဲ့လေဟာ
အိမ်ခေါင်မိုးတွေပေါ်ကတစ်ဆင့်
ကောင်းကင်ဘုံကို အရောက်သွားရာ
လမ်းပြပေးတဲ့ တေးသွားတစ်ပုဒ်ပေါ့။
အဲသလိုမျိုး
အဲသည်လို ကမ္ဘာကြီးမျိုး။ ။

ပိုင်စိုးဝေ

စပယ်ဖြူ မဂ္ဂဇင်း
စက်တင်ဘာ ၁၉၈၇

Comment #1

ဒီလိုကမ္ဘာကြီးမျိုး ဘယ်တော့ ရောက်လာမှာလဲဟင်….
မျှော်လင့်လျက်ပါရှင်….

commentinfo By: မနောဖြူလေး at Jun 21, 2010
Comment #2

လိုချင်လိုက်တာ……………..

commentinfo By: lwantaycho at Jun 24, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment