Professional Authors

ကမ္ဘာတစ်ခြမ်း ပုံပြင်

ကမ္ဘာတစ်ခြမ်း ပုံပြင်

 

ကောင်လေးရေ…..
စိုမှာစိုးလို့မိုးမိသလိုမျိုး
နာကျင်ရမှာ ကြောက်ကာမှ
ချစ်မိပြန်တယ်

အဲဒီ့ စိုတလှည့် ခြောက်တလှည့်
မျက်ရည်အစုတ်အပြတ်တွေကလည်း
ငါ့ရင်ဘတ်ထဲကို ဝင်မွှေနေတာ
ဒီမှာ ကြည့်ပါဦးလေ

ကံကြမ္မာက အဆင်မပြေနိုင်ဘူးတဲ့
ပြသဒါးကဟောလိုက်တယ်
မြို့ထဲတောင် မသွားရဲခဲ့ပါဘူး
အများအပြောအရဆိုရင်
ခိုနင်းခံရမှာကိုတောင် ကြောက်ခဲ့ရသူပဲ

ဒီလိုလူမျိုးကိုမှပဲ
   ကောင်လေးရေ
ငါဟာနွေအိပ်မက်တွေနဲ့
ပူပြင်းကြမ်းရှလွန်းနေခဲ့
မိုးရာသီနဲ့တူတဲ့ နင့်ကိုလိုချင်မိတာ
ကဲ ဒါလဲ ငါမမှားပေဘူး

သူမတူအောင် ချစ်ခဲ့မှတော့
သူမတူအောင် လွမ်းရပေါ့
သူမတူအောင် နင့်ကိုလိုချင်မိခဲ့မှတော့
သူမတူအောင် ရူးရပေါ့

ဒီလိုနဲ့ပဲ
မသစ်မလွင် မလတ်မဆတ်
ငါဟာလည်း လွမ်းမြဲတိုင်းလွမ်းနေလေရဲ့
မလိုချင် မလိုအပ် မလိုတတ်
ငါဟာလည်း တည်ကိန်းတွေ လွဲနေပြန်ခဲ့

   ကောင်လေးရေ……
ငါဟာ ဥတုတွေမှား
အကြိမ်ကြိမ်ဖျားနာခဲ့ရသူပါ
နင့်ဆီက နွေးထွေးမှုခဏတာအတွက်
ငါဟာဘယ်လောက်တောင်ရူးတယ်ဆိုတာ
ကိုယ့်လက်ရေးနဲ့ ကိုယ်ရေးပြချင်နေခဲ့မိ
ဒါဟာလဲ ကြာခဲ့ပါပြီပေါ့ကွယ်……..

ဒီလိုနဲ့ပဲ
  ကောင်လေးအတွက် ကဗျာတွေရေး
တစ်ပုဒ် နှစ်ပုဒ် သုံးလေးငါးပုဒ်
ကိုယ့်ဒုက္ခကိုယ် သီကုံး
မရီမပြုံးတတ်ခဲ့တာလည်း
ကြာခဲ့ပါပြီပေါ့ကွယ်…..

ကြက်ခြေခတ်X
၉ ၂ ၁၄ တနင်္ဂနွေ

 

In: ကဗျာ Posted By: Date: Feb 13, 2014
Comment #1

ရေးဟန်တွေ ပြောင်းသွားကြောင်း လေ့လာတွေ့ ရှိရ … ကျွန်တော် သဘောကျနှစ်သက်မိ

အားပေးလျှက် အန်တီ ကြက်ခြေခတ် ခင်ဗျာ

commentinfo By: အသဲကွဲ မိုး at Feb 13, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment