Professional Authors

” သမုဒ္ဒယ လွန်ဆွဲပွဲ “

ရည်းစား လမ်းခွဲသွားတာနဲ့
အလှူ သွားခါနီး ဖိနပ်ပြတ်တာ

ဘယ်အရာက လူကိုရူးစေနိုင်တာလဲ ? ?

သမုဒ္ဒယ ကြိုးတစ်ချောင်းကို
ဝင်လေထွက်လေနဲ့ ဖြတ်လိုက်တော့
ကမ္ဘာကြီးတော်တော် သာယာသွားတယ်
ငါအခု ဘယ်ရောက်နေလဲ ? ?

ရုပ် နာမ် ကွဲပြီး မြင်လားတော့မသိ
သရဲကားတွေ ကြည့်တိုင်း
သူ့ကိုပဲ သတိရ ရနေလို့ . . .

စံပယ်တစ်ပွင့် ကျန်သေးတယ်
ပန်ချင်ရင် ခေါင်းဖြီးခဲ့ပါ
ညတိုင်းဖြီးတဲ့ ဘီးမှာ
တဏှာဆံဖြူ တွေ ကျွတ်ကျွတ်ပါလာတဲ့အကြောင်း . . .

ဝင်တယ် . . . . ထွက်တယ် . . . .

ဖောင်းတယ် . . . . ပိန်တယ် . . . .

(အိမ်ပြန်မလာသော ဖိနပ်များ
အလည်လာသော ဒုက္ခများ
‘အချစ်’ဟူသော ဝေါဟာရခါးခါးနှင့်
ဗုဒွ့ဟောသော တရားတော်များ
အသက်ရှုမှားစေသော သူမ၏ အလှအပများနှင့်
ယင်း၏ ဘေးထွက်ဆိုးကျိုးများ. . . )
.
.
.

ဒီလိုနဲ့ ဒီညလည်း
သမုဒ္ဒယ မြစ်ကမ်းဘေးက
အစွဲပေါင်းများစွာနဲ့ လူ
ပဋိစ္စသမုပ္ပါဒ်ကနေ လွတ်ဦးမယ်မထင် . . . . . . . .

* * * * * * * * * * *
30 Nov, 2013 (SAT)
_ _ _ _ _ _ _ _ _ _ _

In: ကဗျာ Posted By: Date: Jan 11, 2014
Comment #1

@-@

commentinfo By: ei lay at Jan 12, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment