Professional Authors

တောင်စဉ်ရေမရများအား စနစ်တကျကျူးလွန်ခြင်း

မီးရထားဥသြဆွဲသံကြီးရယ် နင့်နားနဲ့နင်မအူဘူးလား။ 

ခွေးတစ်ကောင်က သူ့အားပြောသည်ထင်၍

ဘုကြည့်လှည့်ကြည့်သည်။

မည်သူကမှ အဖက်လုပ်၍ ပြန်မအူသဖြင့်

အမြီးနှံ့နေသော ခွေးမဆီသို့သာ
အာရုံပြန်ရောက်သွားလေ၏။

တစ်ခါတစ်ခါ ဗိုက်ဆာသံများသည်
အလွန်ကျယ်လောင်ကြောင်း

သင်ငတ်ဖူးမှ သိပေလိမ့်မည်။

မပြည့်စုံမှုသည် ဥသြဆွဲကာ
အချက်ပြ၍ ဝင်လာသည်။
အဘွားအို၏မျက်ရည်အား
အဘိုးအိုကသုတ်ပေးသည့်အခန်းသည်
ပရိတ်သတ် ကြိုက်သော ဇာတ်ဝင်ခန်းဖြစ်၏။
ပေကျံနေသော ထမင်းပန်းကန်သည်
ထမင်းရည်လက်ကျန်နှင့်
ဆားပွင့်တစ်ချို့ကြောင့် ဖြစ်ကြောင်း
ဘယ်နာမည်ကြီး media ကမှ
ခေါင်းစီးအဖြစ်တင်မရေးကြောင်း။

မေးခွန်းတွေမေးရင်း
အဖြေဖြစ်သွားတဲ့လူတွေရယ်
ခေါင်းညိတ်ပြီးပြန်ဖြေရာကနေ
လူတိုင်းဖြေဆိုရတဲ့ မေးခွန်းဖြစ်သွားတဲ့လူတွေရယ်

ဒီတစ်ခေါက် လပတ်စာမေးပွဲမှာ ထည့်မေးရမယ်။

ရိုးသားမှုသည် အစွမ်းကုန်
ပွင့်အာလာပြီးနောက် ဥယျာဉ်မှူးက
စိတ်ဆိုးမာန်ဆိုးခြွေချတယ်။

လူပီသလွန်းရင် လူရာမဝင်လွန်းလို့တဲ့။

ကျွန်တော် သန်းခေါင်စာရင်းလိုက်ကောက်တဲ့လူကို မဆီမဆိုင် မုန်းသွားမိတယ်။

မေမေရေ ခွေးတစ်ကောင်ရဲ့ လူသားဆန်မှုကို မျက်ရည်ဝဲမိလို့

ပတ်ဝန်းကျင်က ကျွန်တော့်ကိုကျင်တယ်။

အဲဒီ့လူတွေရဲ့ အနံ့ ယောင်လို့တောင် မခံပါဘူးတော်တဲ့
မိကျားက အားပေးတယ်။

ဟုတ်တော့လဲ ဟုတ်ပါတယ်။

သူမက သိပ်ကိုစည်းကမ်းရှိလွန်းလို့ပဲ
ရပ်ကွက်နဲ့မတည့်တာ။

ဘာပဲပြောပြော မိကျားဟောင်သံက

ကျွန်တော့်အတွက်တော့ ချိုပါတယ်လို့ပြောတိုင်း

သူမက “အုဝု”လို့ပြန်ဖြေလေ့ရှိတယ်။

မိုးကသူ့မိုးရေနှင့်သူ ရွာသည်။
ကိုယ့်ထီးကိုယ် ထုတ်ခါဆောင်းကြမည်။
နေကသူ့အပူနှင့်သူ ပူသည်။
ကိုယ့်ယပ်တောင်ကိုယ် ထုတ်ခါခပ်ကြမည်။
ဆောင်းသည်သူ့ဘာသာသူ အေးသည်။
ကိုယ့်စောင်ကိုယ် ခြုံခါနွေးကြမည်။

ကမ္ဘာကြီးသည်သူ့ကမ္ဘာနှင့်သူ
သက်တောင့်သက်သာဖြစ်လာသည်။

ကြက်ခြေခတ်X
12:01 pm 6.10.13 sun
(ဆရာ့မွေးနေ့အမှတ်တရ)

 

In: ကဗျာ Posted By: Date: Oct 15, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment