Professional Authors

**စွန့်ပစ်စာ **

 

အပြန်အလှန် မာကျောခဲ့ကြပြီးမှ
ဟန်ဆောင်မျက်နှာဖုံးနောက်ကွယ်မှာ
တဖက်သတ် ငါ….မျက်ရည်လွယ်နေတတ်တာ ခံရတော့ခက်သား….။

ကိုယ်တိုင်ကိုယ်ကျ
မျှော်လင့်ချက်တွေ ရပ်တန့် ပိတ်ပင်စေခဲ့သူပါ
သတိရခြင်းတွေ မိုးလောက်ကြီး…ကြီးမားနေလည်း
ရှုံးနိမ့်ခဲ့ရခြင်း အတိတ်ကိုသာ ခြေရာကောက်လျှက်
လွမ်းစရာကို နာစရာနဲ့ ဖြေခဲ့သူကလည်း ငါပဲ….။

စိတ်နာခြင်း အဆောင်အယောင်တွေ ရံခြယ်ထားတဲ့
ရာသီခွင်ထဲမှာ….
ပြတ်သားနိုင်တယ် ဆိုတဲ့ အနေအထားလေးနဲ့….
တစ်ရက်ပြီး….နောက်တစ်ရက် ရှေ့ဆက်
မပျော်မရွှင်ဖြစ်နေတာကလွဲရင်
ခွဲခွာခြင်းတစ်ဖက်မှာ ငါ အလွန် ကျင့်သားရနေပြီ…။

ရင်ထဲက ရှိုက်သံကို ရယ်သံ အသွင်ပြောင်းကြည့်တဲ့အခါ
ဝမ်းနည်းခြင်းတွေက ငါ့ကို တိုးဝင်ဖောက်စားလို့….
ဆုံးဖြတ်ချက်ကို မာနက ဘယ်လိုပဲ အားပေး အားပေး
နှလုံးသားက ရင်ခုန်သံတွေ ပျောက်ဆုံးလို့….
လူမသိ သူမသိ ငိုကြွေးနေပြန်တယ်….။

ဘာပဲဖြစ်ဖြစ် ရှိပါစေတော့လေ….
ငါ့အတွက် အက်ကြောင်းပါတဲ့ နိဂုံးဟာ
သာယာဖွယ် ကင်းမဲ့နေလို့….
ဒီလို ဝေဒနာတွေထဲမှာ ကြည်ကြည်နူးနူး ငါ့ကိုယ်ငါ စတေးလိုက်မယ်….
အချစ်ဆုံးနဲ့ ထာဝရဝေးရလို့ ဘယ်သူတွေများ….
သေဆုံးခဲ့ဖူးလို့လဲ ?????

အလွမ်းကေသရီ

In: ကဗျာ Posted By: Date: Sep 14, 2013
Comment #1

အချစ်ဆုံးနဲ့ ထာဝရဝေးရလို့ ဘယ်သူတွေများ….
သေဆုံးခဲ့ဖူးလို့လဲ ?????… Mite tal sis..

commentinfo By: Karyan Thit at Mar 8, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment