Professional Authors

“ကျွန်တော့်ပုံပြင်”

သေမထူးနေမထူးပါလို့ ကိုယ့်ကိုကိုယ်ကြုံးဝါး
တစ်ခါတစ်လေကျပြန်တော့လည်း
အရှုံးပေးဖို့ မေ့မေ့နေတတ်တယ်

(၂၄)နာရီလုံးလုံး မနာကျင်ရပေမယ့်
လျှပ်ပြက်သလို မြန်နှုန်းမျိုးနဲ့
တစ်ချက်တစ်ချက် ၀င်ဝင်ဆောင့်တဲ့
ရင်နင့်အလွမ်း

ငါသာ မီးခတ်ကျောက်တစ်ခုဆိုရင်
မင်းခြစ်လိုက်တဲ့ အပြုံးတစ်ခက်တိုင်း
ငါ့ရင်ထဲ အလွမ်းတွေချည်းပွင့်ခဲ့တယ်

မီးမောင်းထိုးပြမယ့်ဒုက္ခတဲ့လား
ငါ့ဘ၀မျှော်လင့်ချက်တွေတောင်
ကျိန်းစပ်သွားရဲ့

ဒီတောင်တန်းက စိမ်းလန်းပါလျက်နဲ့
မြူခိုးတွေက
ဘာကြောင့် လာလာဝေရတာလဲ
ဒီ ကန်ရေပြင်က ကြည်လင်ပါလျက်နဲ့
အနည်တွေက
ဘာကြောင့် လာလာထိုင်ရတာလဲ
ဒီအလင်းရောင်က ၀င်းပပါလျက်နဲ့
အမှောင်တွေက
ဘာကြောင့် လာလာမိုက်ရတာလဲ

ရိုးရိုးပုံပြင်လေးတစ်ပုဒ်အရဆိုရင်
လှလှပပ ဇာတ်သိမ်းရမှာပေါ့
ဘာလို့ ငါတို့ဝေးကြရမှာလဲ

မိခင်ရင်ခွင်ထဲက ကလေးငယ်တစ်ယောက်ရဲ့ဖြူစင်မျိုးနဲ့
တစ်လောကလုံးကို တိုက်ခိုက်ချင်တာ
ရိုးသားမှုတစ်ခုထဲနဲ့ အံတု
အရာအားလုံးကို ပြောင်းလဲပစ်ချင်တာ
မိုးခါးရေမသောက်လည်း
ခါးသီးမှုအရသာကို
ငါ…..
ကောင်းကောင်းကြီးသိတာပေါ့

ကလောင်ကိုင်ရမယ့်လက်က ဂွ ကိုင်ချင်ကိုင်ရမယ်
သရုပ်ဆောင်ကောင်းမယ့်သူက
ဆရာဝန်ဖြစ်ချင်ဖြစ်မယ်
အဆင်းရဲဆုံး ၊ အားအနွဲ့ဆုံးသူတွေအတွက်
ကမ္ဘာ့ငြိမ်းချမ်းရေးက
နျူလက်နက်တွေ မောင်းသူမဲ့လေယာဉ်တွေဖြစ်ချင်ဖြစ်မယ်
ဒါဟာ….
လောကကြီးက အကျီစားသန်တာဖြစ်ချင်ဖြစ်မယ်…။ ။

                                                              ဇင်သော့

In: ကဗျာ Posted By: Date: Sep 4, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment