Professional Authors

“နှလုံးသားတံခါးဖွင့်ပါဦး….ညီလေးဟိန်းသူရလှိုင်”

ငရုတ်သီးစပ်နေပါလျက်နဲ့
ပြုံးပြုံးလေးနေမယ်ဆိုရင်
မင်းဟာ လူလိမ်ပဲ….ညီလေး
အားနာတတ်တဲ့ နှလုံးသားတွေ
ချချနင်းခံရတဲ့ ခေတ်ကြီးထဲမှာ
ရှိုးပွဲထဲက ဖဲကစားသမားတစ်ယောက်လို
မပြုမူချင်စမ်းနဲ့
နှလုံးသားတံခါးကို ဖွင့်ထားပါ
ညီလေး….ဟိန်းသူရလှိုင်…။

အချစ်ကိုကိုးကွယ်တယ်ဆိုတာ
နှလုံးသားမှာ အနာတရကင်းတဲ့သူတွေမှပါ
တစ်ခါသုံးအသည်းနှလုံးဆိုတာ
ရှိတော့ ရှိတယ် ရှားတယ် … ညီလေး
ပျော့ညံ့တဲ့ နှလုံးသားတွေ
အလွမ်းအိုင်ထဲ နစ်နေချိန်
ပန်းဝင်ရမယ့် မာရသွန်အပြေးသမားတစ်ယောက်လို
ကျင့်ကြံစမ်းပါ
ရှုံးနိမ့်သူဆိုတာ လေလွင့်ပြရမှာမဟုတ်ဘူး
ညီလေး…ဟိန်းသူရလှိုင်…။

နိုဘယ်ဆုတစ်ခုအတွက်
အသက်ပေါင်း ဘယ်လောက်
မျှော်လင့်ချက်ပေါင်း ဘယ်လောက်
သံလွင်ခက်ပေါင်း ဘယ်လောက်
ရင်းကြရမလဲ…
နိုဘယ်မသိခဲ့ဘူး…ညီလေး
အမှန်တရားဆိုတာ အမှားတစ်ရံလည်းဖြစ်ချင်ဖြစ်မယ်
ကဗျာမဖတ်တတ်တဲ့ ငါ့ညီကို
ကဗျာထဲ ဆွဲသွင်းမိ
ကဗျာဆိုတာ မစင်မဟုတ်ရပါဘူး….
ညီလေး….ဟိန်းသူရလှိုင်…။

ငါက … လူမှန်ပါ
ကံကြမ္မာကတောင် ငါ့ပါးမှာ
အမှန်ခြစ်ပေးလိုက်တယ်…ညီလေး
ငါရေးနေတာ… ကဗျာမှန်တွေ
ကဗျာမှန်ဘောင်တော့ ခတ်မထားခဲ့ဘူး
ဒါကြောင့်လည်း …. ကဗျာဆရာတွေရဲ့ဘ၀က
အနားသတ် မလှကြဘူး
သူ့ကဗျာတွေ လှမလှဆိုတာထက်
ကဗျာသည်လေးရဲ့ဘ၀ မလှတာကိုတော့
လက်ခွဲဒိုင်တစ်ယောက်ရဲ့အမြင်မျိုးနဲ့
မြင်တတ်ရမယ်…ညီလေးဟိန်းသူရလှိုင်…။

“၀” မရှိပဲ “၀ိ” လုပ်သူတွေထက်
“သုည” နဲ့ “၀ိ” လုပ်သူတွေကိုလေးစားပါ
“သုည” က “၀ိ” လို့ရတယ်…ညီလေး
ဒသမရှေ့ ရောက်ချင်ရောက်
ဒသမနောက် ပေါက်ချင်ပေါက်
ရင်ကိုဖွင့်ပြီး ရွက်တိုက်ရဲရမယ်
ဟိရိသြတ္တပတရားဆိုတဲ့ ရိက္ခာတော့
မပါမဖြစ်ပါရမယ်….ညီလေးဟိန်းသူရလှိုင်…။

မျှော်လင့်ချက်တွေကို စည်းကမ်းမဲ့မလွှင့်ပစ်ပါနဲ့
မျှော်လင့်ချက်ဆိုတာ စွန့်ပစ်ပစ္စည်းမဟုတ်ဘူး…ညီလေး
ချောင်ပိတ်ရိုက်ခံရတဲ့ ခွေးတောင်
ပြန်ကိုက်ရဲတဲ့ မျှော်လင့်ချက်ရှိတယ်
Helen Keller ( ဟယ်လင် ကေလာ ) ရဲ့အပြုံးမျိုး
မင်းမျက်နှာမှာ တပ်ထားလိုက်
သေအံ့မူးမူး နှလုံးသားမှာ
မာသာထရီဇာရဲ့အပြုံးလေး ကပ်ထားလိုက်
လှမယ်ထင်လို့ ခေါင်းတုံးတုံးပြီးကာမှ
ဆံပင်တွေကို ပြန်လွမ်းမနေစမ်းနဲ့
“အရိုင်း”ပါဆိုတဲ့ ဗိုလ်ချုပ်တောင်
ပြည်သူတွေကို ချစ်တတ်သေးတာပဲ
နှလုံးသားတံခါးကို ဟရုံဟမထားပါနဲ့
နှလုံးသားတံခါးကို လုံးဝ ဟင်းလင်း ဖွင့်လိုက်ပါ
ညီလေး…ဟိန်းသူရလှိုင်…။ ။

                                           ဇင်သော့

In: ကဗျာ Posted By: Date: Sep 4, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment