Professional Authors

သဲပွင့်တစ်ပွင့်ပါပဲ (Kitty Yang)

လျှပ်တစ်ပျက်ပါပဲ
သူရဲ့အရိပ်အယောင်
ပြေးမြင်မိလို့
တစ်ယောက်ထဲသာ
ပြုံးမိတယ်။

“နင်ရူးနေလား” တဲ့
သူတို့တွေက
ပက်ပက်စက်စက်ပြောရက်တယ်
ရူးမယ်ဆိုလည်း
အချစ်ရူးလို့သာခေါ်ကြပါ။

မျက်စိစုံမှိတ်
ငါ့ဘဝထဲက မင်းကိုဆွဲထုတ်ပါမယ်
အလင်းမဲ့မျှော်လင့်ချက်တွေ
လာလာမပေးပါနဲ့
ဥပက္ခာလက်တစ်စုံနဲ့သာ
ဒီဆုံးဖြတ်ချက်အောင်မြင်ဖို့
ကူညီပါ။

စိတ္တဇထင်ပါတယ်
သူမပါတဲ့အိမ်မက်တွေတောင်
မမက်တတ်တော့တဲ့ငါ
မိုးလင်းတိုင်း
မေတ္တာအမြဲပို့မိတယ်။

သူ့ဘေးကခြွေသွားတဲ့ပန်းပွင့်ရယ်
မိုက်လိုက်လေခြင်း..
နင်သာကံအကောင်းဆုံးဖြစ်ခဲ့တာပါ
ငါဟာသူ့အတွက်တော့
သဲပွင့်တစ်ပွင့်ပါပဲ။

သူ့အတွက်ဖူးနေတဲ့ပန်းပွင့်အသစ်
ဘယ်သူဖြစ်လိမ့်မလဲ
အတွေးတွေရဲ့
နှိပ်စက်မှုတွေကို
မခံစားနိုင်တော့တဲ့အခါ
ဒီလိုကဗျာတွေ
ချရေးမိတယ်။

31 Dec 2008

In: ကဗျာ Posted By: Date: Apr 10, 2010
Comment #1

I like it.

commentinfo By: zogamnuam at Apr 11, 2010
Comment #2

thnx

commentinfo By: Kitty Yang at Oct 25, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment