Professional Authors

ကျွတ်တန်းဝင်ချိန်

“ ကျွတ်တန်းဝင်ချိန် ”

 

အရယ်ကွဲချိန်လေးပါ

တချို့တဝက် အပြုံးရိပ်ရိပ်တွေလည်း ပိတ်သိမ်းလို့

အရင်လို ညှီဟောင်နေကျ မျက်ရည်ခံလမ်းလေးထက်

အားငယ်စိတ်လေး တလိပ်လိပ် တက်လာတယ်

ကသုတ်ကရက် ဖြတ်တိုက်သွားတဲ့ မိုးရနံ့ငွေ့ငွေ့ရေ

ဒီပါးပြင်တလင်းမှာ

သောကတွေ သိပ်အောင်

မျက်တောင်တစ်မှိတ်စာ ရွာသွန်းပေးပါဦး

 

ကဗျာတစ်ပုဒ်က ကဗျာဆရာကို ခံစားမရသလိုမျိုးပေါ့

အရောင် အဆင်း အနံ့တွေ ပျောက်သွားတယ်

 

ကိုယ်ဟာ နာမဝိသေသနတွေနဲ့ ဖက်လဲတကင်း မရှိသူပါ

ဧည့်ကောင်းဆောင်ကောင်းယောင် ဆောင်ပြီးလည်း ပန်းမပွင့်တတ်ဘူး

ဘာပဲဖြစ်ဖြစ် လောကထဲ လာခြင်းကောင်းချင်တယ်

ပီယဝါစာ … မဖြစ်သရွေ့ … ဆွံ့အခွင့်ရပါစေ

 

အနက်ရောင် တဖိတ်ဖိတ်လက်တဲ့ည

နာမည်နှစ်မျိုးနဲ့ ဖိတ်စာလေး လအငူမှာ ချိတ်ရဲ့

မှား …. သွား …. တယ်

ထုံးစံအတိုင်း … မှားသွားတယ်

 

ခံတွင်းချဉ်နေတဲ့ ဆေးလိပ်တိုဟာ ကိုယ်ပေါ့

မီးခိုးကို မျှော်တယ်

 

တဲအိမ်လေးရဲ့ အနားသတ်မှာ ကန့်လန့်ဖြတ် ရပ်ပါရစေ

ကောင်းကင်ရဲ့ စက်ဝန်း ဘယ်လောက် ကျယ်ကျယ်ပေါ့

ကိုယ် နှုတ်ဆက်လိုက်တော့မယ်

ကောင်းသောသေဆုံးခြင်းပါ ညရေ … မနိုးထလိုက်ပါနဲ့

 

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Aug 26, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment