ရာသီခွင်လှည့်စားမှု
(၁)
ငယ်ရွယ်မှုတို့နဲ့ လေလွင့်ခဲ့ချိန်
ဘ၀ဆိုတဲ့ စကားလုံးကြီး
မကြာခဏ ပိတ်ကန်ဖူးတယ်
အလင်းတွေကို အမှောင်အပြည့်ပိတ်ပြီး
အမှားတစက်အတွက် ခဲဖျက်ရဲ့တန်ဖိုးကို
လွတ်ချခဲ့တယ်
(၂)
ခုတ်ထစ်ရာ ဒဏ်ရာတွေကို
ဆီပူလောင်းထည့်ပြီး
အလင်းပျောက်နေ့တွေကို တယုတယသိမ်းဆည်းသူ
ဒီလိုနဲ့ပဲ လမ်းထဲမှာ လမ်းပြန်ပျောက်
ရောဂါနဲ့ တရားသဘောကိုအမှတ်မှား
ပြိုင်ပွဲတိုင်းမှာ နှုတ်မထွက်ခင် အပယ်ခံသာတာများခဲ့လေရဲ့
(၃)
နွေမိုးဆောင်းတွေကို စုတ်ဖြဲ
အနာပရဗွနဲ့ လူးလဲထရင်း
အနက်ရင့်ရောင် ကဝေမတပါးအနားခစား
ခေါင်းပါးတဲ့ မေတ္တတရားတွေကို စိန်ခေါ်ခဲ့တယ်
ငါဆိုတဲ့ကောင်ကလည်း ရက်စက်တတ်သူရဲ့ ဖြူစင်မှုကိုမှ
တပ်မတ်စွဲလမ်းသူ….
(၄)
ထူထောင်ခဲ့တဲ့ အမုန်းတရား
ကျရှုံးချိန်မှာတောင် ထွက်မသွားနိုင်လို့
ကိုယ်မှာ ပြန်အောင်း
သို့သော် အဓိပ္ပာယ်မပြောင်းခဲ့ဘူး
ရေးကြီးခွင်ကျယ်မရှိတဲ့
အသက်ရှုသံနဲ့ပဲ ရပ်တည်ခဲ့ပြီး
(၅)
အနာဂတ်တွေကိုရေလာမြောင်းပေးမလုပ်ခင်
အတိတ်က မီးစတွေကိုမီးပြန်ရှို့ရအောင်
မထူးတော့တဲ့ ဇာတ်ရုပ်အတွက်
ငါ့ခန္ပ္ဓာက ချိုမြိန်တဲ့
ဒဏ်ရာတွေကို အဆက်မပြတ်ထုတ်ပေးရဲရမယ်
အသက်မဲ့တဲ့နေ့ အကြွင်းကျန်တဲ့ ကိစ္စ
အလိုလိုရှင်းသွားမှာပါ…
ap