Professional Authors

သက္ကရာဇ် ခြွေတဲ့ အပြုံး

ရစ်ဘီးတလုံး

မင်းလက်ထဲရောက်သလို

မင်းအပြုံး ငါ့ရင်ဘတ်ထဲ

သွန်အမှောက်မှာ

ချာချာလည်နေတဲ့

ငါ့နှလုံးသားက

မင်းလို  …..စွန်မျှားတာမကျွမ်းကျင်ပါဘူး…။   ။

 

ဒီအပြုံးတွေနဲ့ တိုက်စား

လှိုက်စားထားခံရတဲ့ နှလုံးသားကလိုင်ပေါက်

တောက်လျှောက်ကြီးမြင်ရတာတောင်

ဘာတွေကို ဟန်ဆောင်နေတာလဲ။

 

ဒီအပြုံးတွေကြောင့်ပဲ

စုတ်ပြဲနေတဲ့ ရင်ကွဲနာသရုပ်ကို

အစိမ်းချုပ်ချုပ်ရင်း

ငုတ်တုတ် မိုးလင်းခဲ့ရတာ။

 

ဒီအပြုံးတွေ အောက်မှာပဲ

အဆိပ်အတောက်တွေ သွန်အမှောက်

မသေလောက်ဘူးထင်မှတ်ပြီး

ရင်ဘတ်နဲ့ဆီးခံတယ်။

 

ဒီအပြုံးတွေမြင်ရရင်

ရှင်သန်ခြင်းမှာ သွေးစွန်းသွားပြီး

ထွန်းကားခြင်းမရှိတဲ့ မျှော်လင့်ခရီးတိုင်း

ရပ်ဆိုင်းခံရတယ်။

 

ဒီအပြုံးတွေ မမြင်ပြန်တော့

သံသရာတကြော့ပြန်စီးရသလို

အလျှံမီးစတိုတို ထွာထွာကြား

စိတ္တဇဆန်ဆန် လွင့်ပါးမိပြန်တယ်။

 

ဒီအပြုံးတွေပျောက်ပြီ ထင်အမှတ်

ရင်ဘတ်ထဲပြန် အစမ်းမှာ

သက်ပြင်းတွေ ခမ်းရတာလဲ

အကြိမ်ကြိမ် အခါခါ။

 

မင်းပြုံးလိုက်တိုင်းမှာ

အပျော်တတ်ဆုံး လူတယောက်ရှိတယ်

မင်း မသိတဲ့ ကြေကွဲခြင်းတွေနဲ့

ယှဉ်တွဲနေထိုင်တယ်။

 

မြင်ရင်လဲ သေမတတ်

မမြင်ရင်လဲ မနေတတ်

ရက်ရက်စက်စက်

အသက်တွေခြွေ

ဒီလိုရက်မျိုးတွေကိုမှ လက်ချိုးရေ

မြတ်နိုးနေရတဲ့ တယောက်ကို

မင်း အပြုံးတွေ အောက်မှာပဲ

အသက်ပျောက်ခွင့် ပေးလိုက်ပါ….။

 

အယ်နီ

In: ကဗျာ Posted By: Date: Jul 1, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment