Professional Authors

ဘ၀…ရလဒ်

တွက်ချက်မှု မရှိသေးတဲ့

ဘ၀ရဲ့ ပုံသေနည်းတွေ ၊ သီအိုရီတွေကို

ရှာဖွေရင်းနဲ့

မိုးယံအောက်က အချိန်တွေဟာ

လွှင့်ကြွေခဲ့ရတယ်။

 

မေးခွန်းမရှိတဲ့ အဖြေတွေကို

မှားဖြေရင်းနဲ့

ဘ၀စာမေးပွဲခန်းမှာ

အချိန်တွေဟာ မှောက်ကျတတ်သေးတယ်။

ပြန်ဆက်လို့မရတဲ့

 

အချိန်အတိုင်းအတာတွေကို

ဆက်ဖို့ကြိုးစားရင်းနဲ့

ဖြုန်းမိခဲ့တဲ့ အချိန်တွေအတွက်

အတိုးတွေ ခဏခဏပေးရတဲ့ အဆုံးမှာ

ဘ၀သင်ခန်းစာဆိုတာကို

နားလည်စပြုလာခဲ့တယ်။

 

ပုစ္ဆာတွေကို နားလည်တဲ့အခါ

ဥာဏ်စမ်းတွေ ပါလာတတ်သလိုဘဲ

အနည်ထိုင်ကာစ နေ့ရက်တွေမှာ

ခံစားမှု ဆိုတဲ့သွေးဆောင်ခြင်းတစ်မျိုးက

ဦးတည်ရာပြောင်းအောင်

ဆွဲဆောင်တတ်ပြန်တယ်။

 

ဘ၀ဆိုတာဘာလဲလို့

မေးခွန်းများစွာကို မေးပြီးအဆုံးမှာ

ဘ၀ဆိုတာ

အဖြေများစွာနဲ့ ဥပမာများစွာရှိတဲ့

အမည်အတိအကျတပ်လို့မရနိုင်တဲ့

`ရှင်သန်မှု ´ တစ်မျိုးဆိုတဲ့

ရလဒ်တစ်ခုကိုသာရရှိခဲ့တယ်။

In: ကဗျာ Posted By: Date: May 8, 2013
Comment #1

*_*

commentinfo By: မေပျို at May 9, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment