ခေါင်းလောင်းသံတွေ အခိုးခံရတဲ့ မြို့
*(ရီရန် = Rian = အနုပညာရှင် ကောင်မလေးတစ်ယောက်)*
ပိတောက်ပွင့်တွေရဲ့ ကိုယ်ရောင်ကိုယ်ဝါတွေအကြောင်း
တခဏလောက် စကားပြောရအောင် ရီရန်
မနက်ဖြန်ဆိုတဲ့ ခုံတန်းလျား မှာ
မိုးတိမ်ပါးပါး ကို ချိတ်ဆွဲ လို့ ငါ့ကို စောင့်နေပါ..။
ငါတို့ ဖိနပ်တွေ သိပ်ပြီးပါးခဲ့ကြပြီ မဟုတ်လား..
လမ်းတွေက နက်နက်ရှိုင်းရှိုင်း စိုက်နစ်
ကံကြမ္မာ ခဲခြစ်ကစားပွဲထဲက မဲနှစ်လိပ်ဖြစ်ကြတယ်…
မင်းရယ် ငါရယ်ပေါ့…
မယ်မယ်ရရ မထွန်းတောက်ရခင်မှာ
စစ်ကြီးဟာ မင်းဆီကို တည့်တည့် ၀င်ရောက်လာခဲ့ပြီ…။
ဂီတနဲ့ အနုပညာ
တိုးတက်မှုကို ရူးသွပ်ခဲ့ကြတဲ့ မင်းတို့ တွေမှာ
ရိုးသားမှုတွေပဲ ပါတယ် ရီရန်
အောင်မြင်လို မှု တွေပဲ ပါတယ်
ရပ်တည်လိုမှု တွေပဲ ပါတယ်
သူတို့က နျူးကလီးယား အရူးတွေ…
လှပတဲ့ သစ်သီးကို ခူးချင်တဲ့စိတ်ဓါတ်တွေ
အမြင့်ကို လှမ်းဆဲတတ်တဲ့ စိတ်ဓါတ်တွေ…
သေချာတယ်..
ဒီပွဲမှာ ကောင်းမြတ်ခြင်းဟာ ဘယ်လိုမှ မနိုင်ဘူး…။
ကမ္ဘာကြီး မ သေဆုံးခင် တစ်ရက်မှာ
ဖုန်းလိုင်းတွေကို သူတို့ဖြတ်ပစ်ကြလိမ့်မယ်…
ငါတို့တတွေရဲ့ အလှတရားတွေ
ကွဲအက်ပြိုကျသွားပြီးတဲ့နောက်
သူတို့ရဲ့ မရဏ တမန်တော်ဟာ
မင်းတို့မြေပေါ်ကို ရောက်လာလိမ့်မယ်….။
ကဲ.. ရီရန်
မင်းရဲ့ ဘာသာတူ လူမျိုးတူ
ဘက်ချင်းပြောင်းပြန်က လူညစ် တစ်စုပေါ့
အရာရာမှာ ထိုး တက်သွားတဲ့ မင်းတို့ဝင့်ကြွားမှုတွေကို
အလျံငြီးငြီးမျက်လုံးတွေနဲ့ ကြည့်နေကြပြီ….။
တိုက်တာတွေ မြင့်မားဖို့….
အာရှကို ထိုးဖောက်ဖို့..
ပြည်သူတွေ ငြိမ်းချမ်းဖို့…
ကမ္ဘာနဲ့ရင်ဘောင်တန်းဖို့…
တောင်ဘက် ဒီမိုကရေစီရဲ့ အေးမြတဲ့ အလင်းတော်မှာ
အယိုင်အလျော့မရှိခဲ့ဘူး။။။။။
မယိုင်ခဲ့ဘူး
မလျော့ခဲ့ဘူး….။။
အမှောင်ရဲ့ ရန်သူဟာ အလင်းပဲ
မကောင်းမြတ်ခြင်းရဲ့ ရန်သူဟာ မင်းပဲ ရီရန်
သူတို့ရဲ့ လက်လုပ် မိစ္ဆာတွေနဲ့
ပစ်ခွင်းကြလိမ့်မယ်……..
မာရန အလံကို တပျော်တပါးကြီးလွှင့်ထူကြလိမ့်မယ်…
နိုင်ငံပေါင်း များစွာ ရဲ့ဆန်အိုးကို
ရိုက်ခွဲဖို့ ကြိုးစားကြလိမ့်မယ်….
အခုသူတို့ ငတ်မွတ် နေကြသလိုမျိုး။။။။။။
အဖြူရောင် အလံတစ်လက်ပါပဲ ရီရန် ရယ်
ငါတို့ရဲ့ ဝေးကွာခြင်းတွေကို တောင်းခံလာကြပြီ ထင်ပါရဲ့
အချစ်ဆိုတဲ့ စိတ္တဇနာမ်ကို လက်နဲ့ဆုပ်နယ်
သူတို့အတွက် သိပ်ကိုလွယ်မှာပေါ့….
ငါတို့အတွက်တော့ ခက်ခဲကြလိမ့်မယ်….။
ကြည့်….
ပြောရင်းဆိုရင်း
ခုန်ဆင်းလာကြတဲ့ ခရမ်းလွန် ရောင်ခြည်တန်းတွေ
ခုံတန်းလျားပေါ်က တို့နာမည်ကို ဖော့ပစ်နေလိုက်ကြပုံ…..
နီဗီရူး မဟုတ်တဲ့
သဘာဝလွန် ဖြစ်ရပ်ဆန်းတွေမဟုတ်တဲ့
ဥက္ကာခဲ တွေမဟုတ်တဲ့
လူနဲ့လူကြား အာဃာတ တရားကနေ
ငိုသံတွေ မကြားချင်ဘူး ရီရန်
ငါလည်း မကြားချင်ဘူး
“သိန်း” မြစ်ကြီးလည်း မကြားချင်ဘူး
“ဖူဂျီ”တောင်တန်းကြီး လည်း မကြားချင်ဘူး
“လေဘာတီ” ရုပ်တုကြီးလဲ မကြားချင်ဘူး
“အီဖဲ” တာဝါ ကြီးလဲ မကြားချင်ဘူး……။
“နပိုလီယံ” မှာ အဆုံးမသတ်ခဲ့တာ…
“ဟီရိုးရှီးမား” မှာ အဆုံးမသတ်ခဲ့တာ….
“ကူဘလိုင်ခန်” မှာ အဆုံးမသတ်ခဲ့တာ…..
ငါတို့ ကံဆိုးလွန်းခဲ့ကြတာ ပေါ့ ရီရန်
စစ်ရဲ့ အဆင်တန်ဆာမှာ မျက်ရည်ထက်လေးနက်တာ ဘာများရှိလို့လဲ..။
“ပရောမီးသယပ်စ်” သေလွန်ပြီးတဲ့နောက်
အလင်းကိုတောင့်တလို့မရနိုင်တော့ဘူး ရီရန်
မှောင်မှာမှန်း သိသိနဲ့
ဒီအတိုင်းထိုင်ကြည့်နေရတော့မယ်…..
ငါတို့ ထိုင်ကြည့်နေကြရတော့မယ်……..။
အရမ်းလှပခဲ့တဲ့
အတိတ်ရဲ့ညနေခင်းတွေလဲ ခိုးယူခံလိုက်ရပေါ့…
မင်းတို့ ဆိုးလ် မြို့ ရဲ့ခေါင်းလောင်းသံတွေနဲ့အတူ
ခိုးယူခံလိုက်ရပေါ့…။
သေမင်းဟာ
ကမ္ဘာပေါ်က မိခင်ရဲ့ ၀မ်းမှာ မွေးဖွားလာခဲ့ပြီ…..
ငါတို့တွေကို စူးရဲစွာ ကြည့်နေပြီ…။
အခုဆို….ငါတို့နိုင်ငံမှာ
ပိတောက်ပန်းတွေပွင့်နေပြီ ရီရန်
သိပ်လှတာပဲ…
မင်းနဲ့ အရမ်းတူတယ်…။
ကဲ….
ပိတောက်ပွင့်တွေရဲ့ ကိုယ်ရောင်ကိုယ်ဝါတွေအကြောင်း
တခဏလောက် စကားပြောရအောင် ရီရန်ရေ…
မနက်ဖြန်ဆိုတဲ့ ခုံတန်းလျား မှာ
မိုးတိမ်ပါးပါး ကို ချိတ်ဆွဲ လို့ ငါ့ကို စောင့်နေပါ..
……………………………………………………….
အဲဒီမိုးတိမ်က နေ ဖြာကျ
အဖြူစင်ဆုံးမိုးရေစက်များ…..
အငြိမ်းချမ်းဆုံးအေးမြစေမှာပေါ့……..
အဲဒီတစ်ခဏကို ရင်ဖွင့်ကြိုလိုက်ကြပါစို့…..
ရင်…ဖွင့်….ကြို….လိုက်…..ကြ……ပါ……စို့…….ရီ……ရန်……..။
နိုးဆက် နေ့
Comment #2
ကဗျာကောင်းတစ်ပုဒ်ပါပဲ
အရမ်းမိုက်တယ် ကိုနိုးဆက် 🙂
By: loafer at Apr 9, 2013
Comment #3
ဘာပြောရမှန်းမသိဘူး
By: deborah at Apr 9, 2013
Comment #4
အားပေးသွားကြတာ ကျေးဇူးပါဗျာ ။ သည်းခံပြီး ဖတ်ပေးကြတဲ့အတွက်
By: 13th at Apr 9, 2013
Comment #5
တစ်ဖက်သတ်ဆန်နေတယ်ထင်တယ်..
By: PKK at Apr 9, 2013
Comment #6
အရေးအသားတွေအရမ်းကိုကောင်းလွန်းပါတယ် ကိုနိုးဆက်..ဖတ်ရှုအားပေးသွားပါတယ်
By: ap at Apr 9, 2013
Comment #7
ပြောဖို့ စကားလုံးတွေ ထပ်ရှာမနေတော့ပါဘူး အကို
ကောင်းတယ် 🙂
လမင်းဇော်
By: လမင်းဇော် at Apr 9, 2013
Comment #8
PKK ခင်ဗျာ ..ဟုတ်ပါတယ်.. တစ်ဖက်က စစ်ကိုလိုလားနေတဲ့ နိုင်ငံ ၊ တစ်ဖက်က အနုပညာနဲ့ လူသား ပီသတဲ့ နိုင်ငံ…. နှစ်ဖက်မှာ တစ်ဖက်ကိုလိုက်ပြီးရေးထားတာပါ.. သည်းခံဖတ်ပေးသွားတာ ကျေးဇူးပါဗျာ
ap ကိုကျေးဇူးပါ.. ခင်ဗျာ.. ဖတ်ရှုသွားတဲ့အတွက်ရော ကွန်မန့်အတွက်ရောပါ
ကိုလမင်းဇော်ကိုလည်း အထူးကျေးဇူးဗျ (အခုလို လာလာအားပေးတော့ အားရှိတာပေါ့) အကိုရယ်…
လေးစားလျက်
နိုးဆက် နေ့
By: 13th at Apr 9, 2013
Comment #9
စစ်ရဲ့ အဆင်တန်ဆာမှာ မျက်ရည်ထက်လေးနက်တာ ဘာများရှိလို့လဲ..။
တော့်တော့်ကိုမိုက်တယ် အားပေးသွားပါတယ်
By: မေပျို at Apr 9, 2013
Comment #10
လေးစားခင်မင်လျက်ပါ အမ.. FB User name ပြောပြပါ့လား အဆင်ပြေရင်
By: နိုးဆက် at Apr 9, 2013
Comment #11
mm font pyout nay loh byar ..comment ka le a yannn pay chin nay p..
ke’ oo lay noesat
great loh pe pyaw lite mal .. ok lar?
By: athaekwelmoe at Apr 9, 2013
Comment #13
ဟား ကွန်မန့်ပေးသွားတော့လဲ ပျော်ရတာပေါ့ မမိုးရယ် (ဒေါ်လေးလို့ ပြောင်းခေါ်ရမလားမသိဘူး 🙂 ) Myanglish လေးနဲ့ပေးလဲ Great ဆိုတော့ ကောင်းတာပါပဲဗျ ဟီး
ကျေးဇူးပါ မမေပျို
လေးစားလျက်
By: နိုးဆက် at Apr 10, 2013




Comment #1
Rian