Professional Authors

ဘာနဲ့မြှောက်မြှောက် ဘယ်လိုပဲခေါက်ချခေါက်ချ ကဗျာတစ်ပုဒ်အပြင် ဘာမှထွက်ကျမလာဘူး ။

 

ပေါက်ကွဲမှုတစ်ခုထဲက လွင့်စင်လာတဲ့

ကဗျာတစ်ပုဒ် ကောက်ရိုးပုံထဲက ရှာတွေ့ခဲ့တယ် ။

 

  

အိုးးးးး . . . .

ဖုံအလိမ်းလိမ်း ချေး/ကြေး အထပ်ထပ် ၊

ရှရာခြစ်ရာဗရပွနဲ့ ခမျာ ညှိုးညှိုးငယ်ငယ်လေး

ကိုယ့်ကိုကြည့်နေရှာတယ် ။

  

ခေါ်သွားပါ .  .  .  . ခေါ်သွားပါ

ခေါ်သွားပါ .  .  .  .  ခေါ်သွားပါ

.  .  .  .  ခေါ်သွားပါ .  .  .  . ။

မျက်လုံးတွေနဲ့ ကိုယ့်ကိုအော်ပြောလိုက်တာ

ကြားရတာထက် ပိုကျယ်လောင်လိုက်တာ ။

မဖြစ်ဘူး ကဗျာလေးရယ် . . .

ကိုယ်မင်းကိုခေါ်သွားပြီး ထားစရာလည်းမရှိဘူး . .

စားစရာပေးဖို့လည်းမရှိဘူး ။

  

ပြန်လှည့်တယ် . . . .

ခြေ

            

လှမ်း

            တယ် ။

  

မထားခဲ့ပါနဲ့ .  .  .  . မထားခဲ့ပါနဲ့

မထားခဲ့ပါနဲ့ .  .  .  .  မထားခဲ့ပါနဲ့

.  .  .  .  မထားခဲ့ပါနဲ့ .  .  .  . 

မျက်လုံးတွေရဲ့ (ထပ်)အော်သံကို

ကိုယ့်မျက်လုံးတွေ ကြားသွားတယ် ။

  

ဟင်းးးးးးးးးးးးးးးး . . .

ကဗျာ မင်းပုံစုတ်တိပေချာလေးကို

ကိုယ့်အရပ်ကိုခေါ်သွားရင်

မင်းဇာတ်နာမှာစိုးမိတယ် ။

  

ပြန်လှည့်ထွက်တယ် . .  .

ခြေ       လှမ်း    တယ်

နောက်ပြန်လှည့်ပြေးခဲ့ပြီး ကဗျာလေးကို

ကိုယ့်ရင်ခွင်ထဲ ခေါ်သွင်းလာခဲ့တယ် ။

  

ကဗျာ မင်း ထမင်းပုံမှန်စားနော် ၊

ကဗျာ မင်း ရေပုံမှန်ချိုးနော် ၊

ကဗျာ မင်း အင်္ကျီအဖြူလေးတွေနဲ့ပိုလိုက်တယ်

ကဗျာ မင်း ခြေသည်းလက်သည်းတွေကို ကိုက်နော်

ကဗျာ မင်း အရမ်းဖြူရော်ရော်ဖြစ်နေတယ်  . (နေကောင်းရဲ့လား)

ကဗျာ မင်း မျက်လုံးလေးတွေသိပ်စူးရှတယ် ၊

ကဗျာ မင်း မြေမှာဘယ်သူတွေလှံလာလာစိုက်လဲ

ကဗျာ မင်းရဲ့ကဗျာလက်ကလေးတွေကို ကိုယ်အချစ်ဆုံးပဲ ကဗျာ ။

  

ကဗျာက ကလေးလေးတစ်ယောက်လိုပဲ

ဘယ်သွားသွား ကျွန်မလက်ကိုဆွဲထားတယ်

ကဗျာက ကဗျာတွေရေးပြီး ကျွန်မကိုလက်ဆောင်ပေးခဲ့တယ်

ကျွန်မက ရုပ်ဝတ္ထုပစ္စည်းတွေထက်

ကဗျာနဲ့ ကဗျာ့ရဲ့ကဗျာတွေကို ပိုချစ်မြတ်နိုးခဲ့တယ် ။

 

ကဗျာက စတွေ့တုန်းကလို ညှိုးငယ်မနေတော့ဘူး

ကျွန်မပျော်လိုက်တာ

ကဗျာကိုတစ်ယောက်တည်း ဒီတောကြီးရန်ကုန်ထဲမနေဖို့ အမြဲပြောတယ်

ကဗျာကို ကဗျာနဲ့တူတဲ့ ကဗျာသူငယ်ချင်းတွေရစေချင်တယ်

ကဗျာတဖြည်းဖြည်းပျော်ရွှင်လာတယ်လို့ခံစားမိတယ် ။

 

ကျွန်မရဲ့ကဗျာလေးပျော်တော့ ကျွန်မပျော်ပါတယ်

ကဗျာက ဆေးလိပ်အရမ်းကြိုက်တယ်

ကျွန်မ ကဗျာ့ကျန်းမာရေးကို စိုးရိမ်တယ်

ကဗျာက တကယ့်ကိုပါးပါးနွဲ့နွဲ့လေးရယ် ၊

လေတိုက်ရင်လေနဲ့အတူ လွင့်မျောသွားမယ့် ကဗျာစာရွက် တစ်ရွက်လိုပါပဲ . . ။

 

ကဗျာလေးဟာ တစ်နေ့ထက်တစ်နေ့ ပိုသိမ်မွေ့နူးညံ့လာတယ်

ကဗျာလေးမှာ ကဗျာသူငယ်ချင်းတွေရလာတယ်

သူနဲ့သူ့ကဗျာတွေအကြောင်း တခြားကဗျာတွေကို ပြောခွင့်ရလာပြီ ။

အရင်က ကျွန်မတစ်ယောက်တည်းသိတဲ့သူ့ကဗျာတွေအကြောင်း

တခြားကဗျာတွေကိုပြောခွင့်ရလာပြီ ။

 

ကဗျာနဲ့စတွေ့ကာစက ကဗျာပြောတဲ့ စကားတစ်ခွန်းက

မင်း ရှေးဘဝရဲ့ဝဋ်ကြွေးကိုဆပ်နေတာတဲ့

ကဗျာမှာ ကျွန်မနဲ့ပက်သက်လို့ အငုံစိတ်တွေရှိနေတာ သိတယ်  

တောင်စဉ်တွေရေတွက်လို့မရအောင် စကားထိုင်ပြောပြီး ကဗျာ့ကိုပျော်ရွှင်စေခဲ့တယ်

ကိုယ့်အတွက်ကတော့မပြောပါနဲ့  

ကဗျာလိုကဗျာတစ်ပုဒ်ကိုဖတ်ခွင့်ရလိုက်ကတည်းက တသက်စာကြည်နူးမှုပါ ။

 

ကဗျာလေးတက်ကြွလာတယ်

ကဗျာလေးရဲ့ရင့်လာတယ်

ကဗျာလေးရည်မှန်းချက်တွေပိုခိုင်မာလာတယ် ။

 

ကဗျာမှာ ငွေသံကြေးသံတွေမရှိဘူး

ကဗျာမှာ ပူပင်သောကတွေမရှိဘူး

ကဗျာမှာ နိုင်လိုမင်းထက်မှုတွေမရှိဘူး

ကဗျာမှာ tattoo တွေမရှိဘူး

ကဗျာမှာ လိမ်လည်လှည့်ဖြားမှုတွေမရှိဘူး

ကဗျာမှာ ခေတ် စနစ် တွေမရှိဘူး

ကဗျာမှာ နည်းပညာမရှိဘူး

ကဗျာမှာ သားဆက်ခြားနည်းတွေ မရှိဘူး

ကဗျာမှာ လိင်ဆက်ဆံမှုတွေမရှိဘူး

ကဗျာမှာ ကဗျာကလွဲပြီး ဘာမှမရှိဘူး ။

 

ကဗျာဟာ စစ်ကိုမုန်းတယ်

ကဗျာဟာ ဖိနှိပ်ချုပ်ချယ်မှုတွေကို မုန်းတယ်

ကဗျာဟာ လူလူချင်းအထင်သေးမှုတွေကို မုန်းတယ်

ကဗျာဟာ လူတန်းစားခွဲခြားမှုကို မုန်းတယ်

ကဗျာဟာ ခေတ်ကတောင်းဆိုလို့ ကဗျာရေးနေသူတွေကို မုန်းတယ်

ကဗျာဟာ ခေတ်ကိုတောင်းဆိုဖို့အတွက် ကဗျာတွေရေးတယ် ။

 

ကဗျာဟာ သူ့ကိုယ်သူကဗျာလို့ပြောပြီး ကျွန်မရှေ့မှာခမ်းနားခဲ့တယ်  

ကဗျာဟာ သူကဗျာတစ်ပုဒ်ဖြစ်တယ်လို့ ကဗျာအချင်းချင်းရှေ့ ခမ်းနားခဲ့တယ်  

ကဗျာလေးတစ်နေ့ထက်တစ်နေ့ပိုခမ်းနားလာတယ် ။

 

ကဗျာဟာ ခမ်းနားလာတာနဲ့အမျှ သူ့ကျန်းမာရေးကို သူမေ့လျော့လာတယ်

ကဗျာဟာ ထမင်းမေ့ ဟင်းမေ့ဖြစ်လာတယ်

ကဗျာဟာ အချိန်တွေကို မေ့လျော့လာတယ်

ကဗျာဟာ သူဘာဝတ်ထားတယ်ဆိုတာ မေ့လာတယ်

ကဗျာဟာ သူ့ခြေသည်းလက်သည်းတွေကို မေ့လာတယ်

ကဗျာဟာ ဆေးလိပ်တွေ ပိုပိုသောက်လာတယ်

ကဗျာဟာ ထမင်းအစား လက်ဘက်ရည်တစ်ခွက်နဲ့ သူ့ဝမ်းစာကို ဖြည့်တင်းဖို့ကြိုးစားလာတယ်

ကဗျာဟာ အာဟာရအစား အောင်မြင်မှုကိုဆာလောင်လာတယ်

ကဗျာဟာ ပြင်းပြင်းထန်ထန်ကြိုးစားရင် ကျွန်မကိုပါမေ့လာတယ် ။

 

ကဗျာဟာ သူ့ကဗျာတွေကို အာရုံကျလာတယ်

ကဗျာဟာ ကဗျာတွေနဲ့ ကဗျာ တသားတည်းကျဖို့ ကြိုးစားလာတယ်

ကဗျာဟာ ကျွန်မနဲ့တဖြည်းဖြည်းအနေဝေးခဲ့တယ် ။

 

ကဗျာ ဆေးလိပ်တွေ ပိုသောက်လာတယ်

ကဗျာဟာ အရက်ပါသောက်တက်လာတယ်  

ကဗျာဟာ အရက်/ဆေးလိပ်အပြင် ကဗျာကိုပါသောက်ပြီး မူးလာတယ်

ကဗျာဟာ အနုပညာကိုမော့သောက်ဖို့ကြိုးစားရင်း သောက်သင့်/မသင့် အရာအားလုံးကို သောက်လာတယ် ။

 

ကဗျာမူးတယ် ။ ကျွန်မရူးတယ်

ကဗျာတွေအသက်ရှုကျပ်လာတယ်

ကျွန်မအသက်ရှုကျပ်လာတယ်

ကဗျာအချင်းချင်းအသက်ရှုကျပ်လာတယ် ။

 

နောက်ပိုင်းကဗျာဟာ ကျွန်မဘေးနားရှိရက်နဲ့ အသိစိတ်မဲ့သူလို ဖြစ်လာတယ်

ကဗျာ့ရဲ့စိတ်တွေပျံ့လွင့်နေတယ်

ကဗျာမသိဘူး ။ ကျွန်မသိတယ်

ကဗျာဟာ ကျွန်မဘေးနားရှိတာကိုဝမ်းနည်းလာတယ်

ကဗျာဟာ ကျွန်မရင်ခွင်ထဲနေရင်း အထီးကျန်လာတယ်

ကဗျာဟာ ကျွန်မလက်ကို ဆွဲပြီး အသည်းကွဲနေတယ် ။

 

ကျွန်မ ဟန်ဆောင်နေခဲ့တယ်

ကဗျာဟာ တဖြည်းဖြည်းပူလောင်လာခဲ့တယ်

ကဗျာဟာ ကျွန်မဆီမှာ မပျော်ရွှင်တော့ဘူး

ဒါပေမယ့် ကဗျာလည်း ကျွန်မလို ဟန်ဆောင်ခဲ့တယ်

ကျွန်မက ကဗျာဝမ်းမနည်းအောင်ဟန်ဆောင်ထားသလို

ကဗျာကလည်း သူဝမ်းမနည်းကြောင်း ဟန်ဆောင်ခဲ့တယ် ။

 

ကဗျာဟာ လှည်းတန်းကို ရှောင်လာတယ်

ကဗျာဟာ ဆူးလေကို ပိုချစ်လာတယ်

ကဗျာဟာ လူစည်ကားရာကိုရှောင်လာတယ်

ကဗျာဟာ လူသူလေးပါးရှင်းရာကို ရွေးလာတယ်

ကဗျာဟာ တစ်စုံတစ်ယောက်တွေ့မှာ စိုးရွံ့ကြောက်လန့်နေခဲ့တယ် ။

 

ကဗျာဟာ အသိတွေမူးနေခဲ့တယ်

ကဗျာဟာ ကျွန်မရှေ့မှာ အသက်ရှုကျပ်လာတယ်

ကဗျာဟာ လိပ်ပြာငယ်လာတယ်

ကဗျာဟာ အရင်လိုစက္ကူစုတ်ပုံ ပြန်ဖြစ်လာတယ်

ကဗျာဟာ သူ့စိတ်နဲ့သူ့ကဗျာရန်ဖြစ်ပြီး ဝေဒနာခံစားနေရရှာတယ် ။

 

ကဗျာ့ရဲ့အဖြစ်ကိုကြည့်ပြီး ကျွန်မအရူးမီးဝိုင်းဖြစ်ခဲ့တယ်

ကဗျာ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကို မသိမ်ငယ်လိုက်ပါနဲ့

ကဗျာ စိတ်ဓာတ်မကျပါနဲ့

ကဗျာ ကျွန်မထွက်သွားရမလား

ကဗျာ ကျွန်မရှိရင် ရှင်မပျော်တော့ဘူး မဟုတ်လား

ကဗျာ ကျွန်မထွက်သွားရလည်း ခံနိုင်ရည် ရှိပါတယ်

ကဗျာ စိတ်ထဲအများကြီးတွေးပြီး ဝမ်းနည်းမနေပါနဲ့ ။

 

ကဗျာ ရှင် သတ္တိရှိပါ

ကဗျာ ရှင် ရဲရင့်ပါ

ကဗျာ ရှင်ဟာ ကဗျာအချင်းချင်းအနိုင်ယူပါ

ကဗျာ ရှင်ဟာ အောင်မြင်မှုကို အရက်လိုသောက်ပါ

ကဗျာ ရှင့်ကိုထိုးခဲ့တဲ့လှံတွေအတွက် ရှင်ဟာ ကောင်းကင်ဖြစ်ကြောင်း သက်သေပြပါ ။

 

ကဗျာဟာ နောက်ပိုင်းအခြေအနေဆိုးလာတယ်

ကဗျာ့အတွက် ကျွန်မအားပေးမှုတွေဟာ ငှက်ဆိုးထိုးသံဖြစ်လာတယ်

ကျွန်မရဲ့ စိုးရိမ်မှုဟာ ကဗျာ့အတွက် မရဏခေါ်သံဖြစ်နေခဲ့တယ်  

ကျွန်မရဲ့ နားလည်တက်မှုဟာ ကဗျာ့အတွက် သံရည်ပူတွေဖြစ်ခဲ့တယ်

ကျွန်မမေတ္တာတွေဟာ ကဗျာ့အတွက် ငရဲ့မြစ်ဖြစ်စေခဲ့တယ်

ကဗျာရှင်မှားနေပြီ ။ ကျွန်မပေးခဲ့တဲ့ မေတ္တာစေတနာတွေကို အရာရာသိမ်ငယ်စိတ်နဲ့မခံယူလိုက်ပါနဲ့ ။

 

** ကဗျာဟာ ကျွန်မအတွက် သူဟာမထိုက်တန်တော့သူတစ်ယောက်လို့ပြောပြီး သွေး ဝေးသွားခဲ့တယ် ။

 

ကဗျာ ရှင်ဟာ ကဗျာတစ်ပုဒ်ပါ

ကဗျာ ရှင်ဟာ အရင်က ကျွန်မပိုင်ဆိုင်ခဲ့ဘူးတဲ့ ကဗျာတစ်ပုဒ်ပါ

ကျွန်မကြောင့် ကဗျာတစ်ပုဒ်ဖြစ်ခဲ့တာမဟုတ်ပါဘူး

ရှင်ဟာ ဘယ်သူ့ကြောင့်မှမဟုတ်ဘဲ ကဗျာတစ်ပုဒ်သက်သက်ပါ

ကဗျာ လောကကြီးကိုက အမှားနဲ့တန်ဆာဆင်ထားတာပါ

အဲဒီအထဲကမှ မဆိုစလောက်လေးမှားခဲ့တဲ့ရှင်က ကိုယ့်ရဲ့ဖြစ်တည်မှုကိုမစွန့်လွှတ်ပါနဲ့ ။

 

ကဗျာ ရှင့်ရဲ့ ကဗျာတွေကို ပြန်အသက်သွင်းပါ

ကဗျာ ကျွန်မချစ်ခဲ့ဘူးတဲ့ ရှင့်ရဲ့ကဗျာလက်တွေကို ပြန်အသက်သွင်းပါ

ကဗျာ ရှင့်ကိုယ်ရှင် ပြန်အသက်သွင်းပါ

ကျွန်မ မဟုတ်တဲ့ တစ်စုံတစ်ယောက်အတွက်ပဲဖြစ်ဖြစ် ရှင့်ရဲ့ကဗျာတွေကိုခမ်းနားပါစေ ။

ကျေးဇူးပြုပြီး ရှင့်ရဲ့ကဗျာလက်တွေကို ရှင်သန်ပါစေ ။

 

 

 

မိငြိဏ်းခက်

 

 

 

 

In: ကဗျာ Posted By: Date: Feb 15, 2013
Comment #1

hit directly
so much touching

commentinfo By: ei lay at Feb 15, 2013
Comment #2

တကယ်ကိုအတွေးကောင်း အရေးကောင်း ခံစားချက်ကောင်းတဲ့ကဗျာလေးဗျာ…….

commentinfo By: moehtetaung18 at Feb 16, 2013
Comment #3

သိပ်ကောင်းပါတယ် ဗျာ

commentinfo By: n$n at Feb 16, 2013
Comment #4

နောက်ပိုင်းကဗျာဟာ ကျွန်မဘေးနားရှိရက်နဲ့ အသိစိတ်မဲ့သူလို ဖြစ်လာတယ်

ကဗျာ့ရဲ့စိတ်တွေပျံ့လွင့်နေတယ်

ကဗျာမသိဘူး ။ ကျွန်မသိတယ်

ကဗျာဟာ ကျွန်မဘေးနားရှိတာကိုဝမ်းနည်းလာတယ်

ကဗျာဟာ ကျွန်မရင်ခွင်ထဲနေရင်း အထီးကျန်လာတယ်

ကဗျာဟာ ကျွန်မလက်ကို ဆွဲပြီး အသည်းကွဲနေတယ် ။
So Good

commentinfo By: နွေ at Feb 16, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment