Professional Authors

ငုဝါတမ်းချင်း (၂)

အချစ်နဲ့ ပတ်သတ်ရင်
ငါ့မှာ စံပြပုဂ္ဂိုလ် မရှိဘူး ငုဝါ
ငါ့ အချစ်က ရိုင်းချင်ရိုင်းမယ်
ဒါပေမဲ့
ပြိုတော့မဲ့ မိုးလိုတော့
ဘယ်တော့မှ မှိုင်းညို မနေခဲ့ဘူး

ဗီသိုဗင်ရဲ့ တေးသွားထက်
နွားကျောင်းသားရဲ့ ပုလွေသံက
နေညိုချိန်ရဲ့ အလှကို
သဘာဝကျကျ ချယ်မှုန်းနိုင်တယ်
မင်း စိတ်ဝင်စားမယ်ဆိုရင်
ရပ်ကွက်ငယ်လေး တခုရဲ့ ရေကန်စပ်မှာ
နေ၀င်ချိန်ကို အတူထိုင်ကြည့်ချင်ပါတယ်

ဒေါက်တာသန်းထွန်းက ပြောတယ် ငုဝါ
သမိုင်းသင်တာ မအအောင်လို့တဲ့
ငါ့မှာတော့ မင်းသမိုင်းကို ဖတ်ရင်း
ပိုပြီး အ အ လာတယ်
အချစ်ဆိုတာ
ဆွံ့အနေတဲ့ စကားလုံးများစွာပါပဲ

ရေကိုစစ်ပြီး သောက်တတ်သလား ငုဝါ
ငါကတော့ မစစ်ဘဲ သောက်မယ်
မင်းသာ ရေဖြစ်မယ်ဆိုရင်ပေါ့လေ
ငါ့ အချစ်က အဲဒီလိုလည်း စင်ကြယ်သေးရဲ့

မင်းနာမည်လေးကို ဖွဖွရွတ်တိုင်း
ငါ့ရင်က လှိုင်းတွေဟာ
တောင်တွေလို ခုံးမောက်မြင့်တက်လာရော
အဲဒီတောင်ပေါ် ရပ်ကြည့်လိုက် ငုဝါ
သိပ်ချိုတဲ့ လေပြေအေးအေး တခွက်
မင်း လတ်လတ်ဆတ်ဆတ် သောက်ရမှာပါ

ချီရွန် (ပုလဲ)

In: ကဗျာ Posted By: Date: Jun 6, 2009  
Comment #1

ကိုချီရွန်ခင်ဗျာ..အရမ်းမိုက်ပါသည်
ငုဝါရေ….
၁ လည်းရှယ်ပဲ..အိ အစ်ကိုလို့မပြောရဘူး..တော်ပါ့ ဟဲဟဲ

commentinfo By: Hninzisue at Jun 6, 2009
Comment #2

ကိုချီရွန်ကြီး

ကျွန်တော် ဒီမှာသာကောမန့်မပေးဖြစ်တာပါ။ gtalk မှာပေးပါတယ်။ ကြိုက်တယ်ဗျ ။ တော်တော်မိုက်တဲ့ကဗျာ .. လုပ်ပါဦးဗျာ .. အဆက်လေးတွေ .. စောင့်မျှော်နေလျှက်ပါ။

commentinfo By: thettwe at Jun 6, 2009
Comment #3

မိုက်ပါ့ဗျာ …

commentinfo By: nightbird at Jun 8, 2009
Comment #4

“ဒေါက်တာသန်းထွန်းက ပြောတယ် ငုဝါ
သမိုင်းသင်တာ မအအောင်လို့တဲ့
ငါ့မှာတော့ မင်းသမိုင်းကို ဖတ်ရင်း
ပိုပြီး အ အ လာတယ်
အချစ်ဆိုတာ
ဆွံ့အနေတဲ့ စကားလုံးများစွာပါပဲ” ဒီစကားလုံးတွေ အတော်ကြိုက်တယ်။ ဆက်ရေးဗျို့အားပေးတယ်။ 🙂

commentinfo By: Eain Mat Gabyar at Jun 18, 2009
Comment #5

အရမ်းကိုကောင်းပါတယ်

commentinfo By: herot9 at Mar 19, 2011
Comment #6

အချစ်နဲ့ ပတ်သတ်ရင်
ငါ့မှာ စံပြပုဂ္ဂိုလ် မရှိဘူး ငုဝါ
ငါ့ အချစ်က ရိုင်းချင်ရိုင်းမယ်
ဒါပေမဲ့
ပြိုတော့မဲ့ မိုးလိုတော့
ဘယ်တော့မှ မှိုင်းညို မနေခဲ့ဘူး

comment မပေးဖြစ်ပေမယ့် ကျွန်တော် အလွတ်ရနေခဲ့တဲ့ ကဗျာတစ်ပုဒ်ပါပဲ

commentinfo By: အသဲကွဲမိုး at Mar 10, 2014
Comment #7

“ရေကိုစစ်ပြီး သောက်တတ်သလား ငုဝါ
ငါကတော့ မစစ်ဘဲ သောက်မယ်
မင်းသာ ရေဖြစ်မယ်ဆိုရင်ပေါ့လေ
ငါ့ အချစ်က အဲဒီလိုလည်း စင်ကြယ်သေးရဲ့”
– အင်မတန်ကောင်းတဲ့ ကဗျာ 🙂

commentinfo By: လင်းအိမ်သင် at Mar 11, 2014
Comment #8

အားပေးသွားတဲ့ အသဲကွဲမိုး နဲ့ လင်းအိမ်သင် ကို ကျေးဇူး အထူးတင်ပါတယ် ခင်ဗျာ။

commentinfo By: ChIr0N at Mar 12, 2014
Comment #9

” မြန်မာပြည်မှ မြန်မာလူမျိုး ”

သစ်ပင်ပန်းမန်
တောပြုန်းပြန်တော့
ကျေးငှက်တိရိစ္တာန်
မျိုးတုန်းရာ၏……..

ဇရပ်ကျောင်းအို
ဘုရားပြိုတော့
လူမျိုးဘာသာ
ပျောက်တတ်ရာ၏……

မြန်မာပြည်နေ
မြန်မာ့ရေသောက်
မြန်မာလူမျိုး
ငါတို့ဖြစ်တည်
သည်နိုင်ငံမှာ
ငါတို့ဘာသာ
သာသနာကို
ထိမ်းသိမ်းစောင့်ရှောက်ကြပါစ…….

ငါတို့မိဘ
မဖြစ်ခင်က
ကလေးအရွယ်
ဘိုးဘွားမိဘ
ထိန်းကျောင်းပြု၇င်း
ကြီးပြင်းလာသော်
လူလားမြောက်ချိန်
သူတို့ခမျှ
အိုမင်းမစွမ်း
ခန္ဒာနွမ်းလို့
ခရီးပန်းချိန်
ငါတို့တဖန်
စောင်.ရှောက်ခဲ့ရင်
ဘိုးဘွားရိပ်သာ
ပေါ်ထွန်းနိုင်ပါစ………

ငါတို့မွေးဖွား
သည်နိုင်ငံမှာ
ဘုရားရယ်အို
ကျောင်းကန်ပြိုရင်
ပြုပြင်ထိမ်းသိမ်းကြပါမှ
လိုအပ်ချက်ကို ဖြည့်ဆည်း
အားနည်းသူကိုကူညီ
ပရဟိတစိတ်ဓါတ်
အပြည့်ထားနိုင်မှ
ငါတို့သည်
မြန်မာပြည်မှ
မြန်မာလူမျိုး ဖြစ်အံ့……………..။

**********************************

commentinfo By: ဖြိုးလေး at Mar 12, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment