Professional Authors

တံခါးခေါက်မှားသော ညာသံများ – နိုးဆက် နေ့

 

အဆိုးနဲ့အဆိုး ဒွန်တွဲတဲ့အချိန်တိုင်း

အရောင်ငတ်မျက်လုံးတွေ

မြေပေါ်ကို ပစ်ချ ၊ နိမ့်ကျ..

ငိုကြွေးရတာ ကြာတော့ ခါးလာပြီ။

 

ပျက်ကွက်လွန်းတတ်တဲ့ အိပ်မက်တွေအတွက်

ကိုယ်တိုင် မကျေနပ်တဲ့အနာဂါတ်ကို

 ကြတ်ခြေပြန်ခတ်လိုက်တယ်…

နှလုံးသားတစ်ခုကို  အမဲလိုက်ဖို့

ညာသံတွေစိုက်ပျိုးသူတို့လက်က ရုန်းထွက်..

ကဗျာအတွက် သက်သက် ရင်ဘတ်ကို သော့ခတ်ပစ်လိုက်ပြီ..။

 

ကဗျာကြောင့် တစ်ခါပြန်ရှင်တဲ့ အသက်နဲ့လူ…

ဇာတ်သိမ်းကွက်ကို

ကိုယ့်လက်နဲ့ဘဲ ဖန်တီးယူမယ်…

နတ်ဆိုးတွေ ၀င်မစွက်ကြေး……….။။။

အဲလိုနဲ့ဘဲ ကိုယ့်ကဗျာတွေဟာ

ကိုယ့်သွေးကိုသာ ပြန်ပြန် ငတ်ငတ်လာ…။

 

စကား ကပ်ကပ် တွေ အောက်မှာ

အသွားထက်ထက် ဓါးစက် တွေအောက်မှာ…

လှောင်ပြောင် သရော်သံများကြားမှာ

ဇောက်ကျသွားတဲ့ မာန်မာနတွေကို ကိုယ့်လက်နဲ့ပြန်ကောက်

မနက်ဖြန်တိုင်းမှာ ပြန်လည်တောက်ပစေမယ်…။

 

အရှုံးဆီ ဆွဲချဖို့ကြံရွယ်..

ကြိုးဝိုင်းတစ်ခုထဲကို ဖြားယောင်းခေါ်ဆောင် ဖို့

ချဉ်းကပ်သူ ပုံရိပ်ယောင်များ….

သင်တို့နှလုံးသားများကို ဟားတိုက်လိုက်ပါရဲ့..

သင်တို့ညာ သံ များ

တံခါးခေါက်မှားခဲ့ကြပြီ….။

 

အဲဒီ ကျရှုံးလွယ်…

ထိခိုက်လွယ်….

ခံစားလွယ်ခဲ့တဲ့ ကလေးတစ်ယောက်ဟာ

အခု..ဘာကိုမှ တွေးမကြောက်မဲ့ ယုံကြည်မှုနဲ့

မာတိကာသစ်ကို ဖွင့်လှစ်လိုက်ပြီ…။

 

အဲဒီတစ် ခေတ်မှာ..

ကဗျာတစ်ပုဒ်ထဲက လိုမျိုး

ယုံကြည်မှုအသားတံဆိပ်အဖြစ်

တီသျှပ်တွေထက်မှာ

ငါ့မျက်နှာကို ခတ်နှိပ် ၀တ်ကြပါစေ…။

 

နွေကုန်မှ ရွာကျရတဲ့ မိုးကိုလည်း….

ဘယ်တော့မှ မကိုးကွယ်တော့ဘူး…

ကိုယ့်ရင်မှာ တောက်တဲ့ မီးကို ချိုးဖို့

ကိုယ့် မိုး ကို ကိုယ် ပျိုး ရ မယ် …..

ကိုယ်ပိုင် တိမ်ခိုး တိမ် မျှင် တို့ကသာ..

မိုးစက် များကို ရွာကျစေရမယ်…။

 

ကဲ…

ငါ့နောက်ကျောကိုမှ ဓါးမိုးထားတဲ့ ကံကြမ္မာရေ…

မညီညာတဲ့ လမ်းပေါ်က

ကွေ့ကောက်ကောက် လူငယ်တစ်ယောက်ဟာ

လူတွေရဲ့ အမြင်ကို

အကြွေစေ့တစ်စေ့လို ပစ်မြောက် ဆော့ကစားပြ လိုက်ပေရဲ့…။

ဘ၀ရဲ့ တစ်ကျော့ပြန် မာနကို

ငါ့ကဗျာတွေအတွက် ပြန်လည် မွေးဖွားလိုက်ခြင်းလည်း ဖြစ်တယ်..။

 

အဲဒီအခါ..မှာ

သံလွင်ငြိမ်းခက် ခေါ် မိသံလွင်..

ငါ့ရင်ခွင်ရဲ့ ဟိုးအတွင်းနက်နက်ကနေ ငါ့ကိုအားပေးပါ…

အဲဒီ ခွန်အားနဲ့ဘဲ…

 

သွေးဆောင် ခေါ်ငင်သူ

ပုံရိပ်ယောင် ကြိုးဝိုင်းထဲကို ငါမ၀င်…

ပုံရိပ်စစ် ကြိုးစင်ထက်ကိုသာ

(ပုံရိပ်စစ်ရင် ကြိုးစင်သာ ဖြစ်ပါစေ)

ငါ….. ရင်ကော့ ပြီးတက်ခဲ့မယ်….

မျက် တောင် မ ခတ် စ တမ်း ပေါ့….။

 

( နိဂုံး  သို့မဟုတ်  နိဒါန်း )

 

အသေချာဆုံး တစ်ခုအဖြစ်…

အညစ်… အဖျက်…နဲ့.. နတ်ဆိုးများ…ခင်ဗျာ

သင်တို့ညာသံများ တံခါးခေါက် မှားခဲ့ကြလေရဲ့….

 

နိုးဆက် နေ့

 

In: ကဗျာ Posted By: Date: Jan 17, 2013
Comment #1

Mike de.

commentinfo By: ei lay at Jan 17, 2013
Comment #2

အသေချာဆုံး တစ်ခုအဖြစ်…

အညစ်… အဖျက်…နဲ့.. နတ်ဆိုးများ…ခင်ဗျာ

သင်တို့ညာသံများ တံခါးခေါက် မှားခဲ့ကြလေရဲ့….

commentinfo By: maypyo22889 at May 21, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment