Professional Authors

ကျွန်တော်နှင့် စစ်တုရင်ရုပ်များ… – နိုးဆက် နေ့

 

အပိုင်း ၁ – (Pawn)

 

ပွဲတစ်ခုရဲ့ အစဆုံး အခန်းမှာ

ခြေနှစ်လမ်းအဖြစ်  မာန်ဟုန် ရှိသမျှ ပစ်ခွင်းလိုက်တယ်..

…….ကဲ..ရှေ့တည့်တည့်က အနက်ရောင်တပ်များ…..

……စစ်မက်ပြိုင်ယှဉ်ဖို့ သင်တို့ဆီငါလာပြီ………..

အသေခံ တပ်သားလို့ လွယ်လွယ်တံဆိပ်မကပ်ကြေး..ပေါ့

ငါက နယ်ရုပ် တစ်ရုပ်.

ထပ်ပြောမယ်.. ငါကနယ်ရုပ်တစ်ရုပ်…

ငါ့ကို အုပ်ချုပ်သူသာ အားလုံးကို အောင်နိုင်စေရမယ်…။

 

အပိုင်း ၂ – (Knight)

 

အားလုံးထက် သုံးကွက်ကျော်မြင်တဲ့တမန်တော်ဟာ

ငါသာဖြစ်တယ်..

ငါ့ရဲ့ တစ်ချက် အခုန်ဟာ

မြေမဟီ တစ်ခွင်တုန်ရီစေလျက်

အောင်နိုင်ခြင်းအတွက် ရှေ့ဆောင်နိမိတ်သာ ဖြစ်စေမယ်

……..ကဲ… သင်တို့ အရှုံး အတွက် ငါမြင်းသည်တော် ထွက်ခဲ့ပြီ……….။

 

အပိုင်း ၃ – (Bishop)

 

ကဲ…ပြိုင်ဖက်တို့..

နဂါးတို့ မျက်စောင်းဟာ

ထိမှန်သူ ကို ပြာကျစေသတဲ့..

ငါ့ရဲ့ ထောင့်စောင်းတိုက်ကွက်ဟာ

ငါ့သခင် အောင်သေအောင်သား စားဖို့ ရည်ရွယ်ချက်ပေါ့..။

ငါဟာ ဘစ်ရှော့ တစ်ရုပ်ဖြစ်တယ်…

ထောင့်ဖြတ်လိုင်းရဲ့ အနှိုင်းမဲ့ အရှင်သခင်ဖြစ်တယ်…။

………….သင်တို့ရှိရာ  ငါ….လာပြီ…………။

 

အပိုင်း ၄ – (Rook)

 

ဖြောင့်တန်းစွာ တွေးသူ….

ဖြောင့်တန်းစွာ မြင်တတ်သူ…

ဖြောင့်တန်းစွာ တိုက်ခိုက်သူ…

ရုခ်ဆိုတဲ့

ရဲတိုက်ကြီးဟာ ငါဖြစ်တယ်…။

တည်ငြိမ်မှုနဲ့ဘဲ..

ငါတို့ဖက်က ငယ်သားတို့ရဲ့ အဖိုးအတန်ဆုံးခံတပ်အဖြစ်..

ငါတို့ ဘုရင်ရဲ့ အနီးဆုံးက သက်တော်စောင့်အဖြစ်..

*Castling လုပ်ရင်း မင်းတို့ရန်ကို ကာမယ်..

………..အမိုက်သားတွေ…..လာကြစမ်း………..။

 

အပိုင်း ၅ – (Queen)

 

အမျှော်အမြင် အကြီးဆုံး တပ်သားအဖြစ်..

ငါဟာ ကုပ်ခြစ်ရပ်တည်ခဲ့ရတာ မဟုတ်ဘူး..။

ငါ့ခေါင်းထက်က သရဖူဟာ

ထိုက်တန်စွာ ရခဲ့တဲ့ ငါ့ရဲ့ ဆုလာဘ်တော်ဖြစ်တယ်…

အဝေးဆုံးကို ချီတက်မယ်

အမြင့်ဆုံးဆီ ပျံသန်းမယ်

ငါ့ဘုရင်နဲ့ ငါ့သခင်တို့ရဲ့ အနိုင်ဟာ

ငါ့တာဝန်နဲ့ ခွန်အားမှာ အများဆုံး မီတည်နေတယ်

ဒီတော့..

အောင်နိုင်ခြင်းကို

တံဆိပ်လိုရိုက်မဲ့ ငါ ဧကရီ သခင်မ..

သင်တို့ဘုရင်ထက်က ဥသျှောင်ကို ပယ်ချဖို့

ကိုယ်တိုင် ကြွခဲ့ပြီ…။

 

အပိုင်း ၆ – (King)

 

တစ်ကွက်ချင်းပေမဲ့..

ငါ့တည်ငြိမ်မှုဟာ

ငါ့ဘက်တော်သားများ စံပြုရာ…..။

အားလုံးကို စတေး  ငါပင်ရှင်စေလို့ နေရတဲ့ဘ၀..

ငါ့ကိုယ်ငါ မပျော်ဘူး….

ဒါပေမဲ့လည်း

ငါ့သခင် အတွက်

ကြံ့ကြံ့ခံတဲ့ ဘုရင်ရုပ်အဖြစ်..

အားလုံးရဲ့ ကျေးဇူးတော်ကို မျှော်တွေး နားလည်ရင်း..

ငါထာဝရ ရှင်သန်သွားမယ်…..

ငါ့ဟာ ဧကရာဇ်တစ်ယောက်…

အနိုင်ယူခြင်းဆိုတာ…ငါ့ရင်ဘတ်နက်နက်က သစ္စာတရား…..

ဒါကြောင့်

ငါ့သခင်ရဲ့ Checkmate ဆိုတဲ့ ကြွေးကြော်သံ အား

…….ငါ့နှလုံးသားမှာ အလံတစ်ခုလို လွင့်ပျံ စေရမယ်……။

 

နောက်ထပ် ထပ်ပြီး ကြွေးကြော်လိုက်ဦးမယ်…

ငါ့သခင်ရဲ့ အောင်နိုင်ခြင်းဟာ

…….ငါ့နှလုံးသားမှာ အလံတစ်ခုလို လွင့် ပျံ စေ ရ မယ်…….။

 

နိုးဆက် နေ့

*(Castling ဟူသော စကားလုံးအား Dictionary တွင်ရှာဖွေမရသောကြောင့် စာလုံးပေါင်းမှားခဲ့ပါက ကြိုတင်တောင်းပန် အပ်ပါသည်.။ စစ်တုရင်တွင် ဘုရင်နှင့်ရုခ် နေရာလဲ၍ ကစားခြင်းကို ဆိုလိုပါသည်..)

In: ကဗျာ Posted By: Date: Jan 7, 2013
Comment #1

ဖတ်သွားတယ်ဗျ…. စစ်တုရင် ထိုးရင်းဝင်တာတဲ့ အာရုဏ်လေးထင်ပါရဲ့..

commentinfo By: အသဲကွဲ မိုး at Jan 8, 2013
Comment #2

ဒီကဗျာမှာ ကိုယ့်ညီအနေနဲ့ ပြောချင်တာတွေ များနေပုံရပါတယ်။ အရုပ်တရုပ်ချင်းဆီကို သရုပ်ဖော်ပေမဲ့ အကို့ အမြင်အရတော့ နယ်ရုပ်၊ မြင်းနဲ့၊ ဘုရင်မ တို့လောက်ပဲ အားကောင်းတယ် ( အရေးအသား )။ ကျန်တာတွေက ပွင့်ပွင့်လင်းလင်း ပြောရရင် သိပ်အားမပါပါဘူး ရေးထားရုံသက်သက်ပါ ( ရေးသူကိုယ်တိုင်လည်း ခံစားမိနိုင်ပါတယ် )။ တခါတလေမှာ ရေးရင်းနဲ့ မပြင်ချင်တော့လို့ လွှတ်ပေးလိုက်တာတွေ ရှိတယ်။ ဒါပေမဲ့ အဲဒါတွေက ကိုယ့်ရဲ့ အရည်အသွေးကို ယုတ်လျော့စေတယ်။

ချီရွန် ( ပုလဲ )

commentinfo By: ChIr0N at Jan 8, 2013
Comment #3

ဟုတ်ပါတယ် အကိုချီရွန်..

ကျွန်တော်က ကဗျာမှာ ၀ါသနာပါရုံသက်သက်နဲ့ ကဗျာ တွေမှာရော..အပြင်ဘက်လောကမှာပါ ရင့်ကျက်မှုမရှိသေးတဲ့ ကလေးတစ်ယောက်ပဲ ရှိသေးတာပါ..
Poemscorner က ကိုယ့်ထက်ဝါရင့်တဲ့သူတွေ… ကိုယ်ကြိုက်နှစ်သက်ရတဲ့ ကဗျာဆရာတွေ ပြောသလိုပါဘဲ
ကိုယ့်ကဗျာကိုယ် ပြန်ဖတ်တိုင်းလဲ လိုအပ်ချက်တွေ အမြောက်အမြား တွေ့နေရဆဲပါ..
ကျွန်တော် အားလုံးဆီကနေ သင်ပြမှုတွေလိုပါတယ်.. ကျွန်တော် ကဗျာမှာ ရူးသွပ်တယ်.. အနုပညာတစ်ခု အနေနဲ့လဲ မြတ်နိုးတယ်.. ဒါကြောင့် ကျွန်တော်နဲ့စိမ်းတဲ့အနုပညာကို ကျွန်တော်နဲ့ ရင်းနှီးမှုရအောင်ဘဲ နှုးယူနေရတုန်းကာလမှာ ကျွန်တော့ကဗျာတွေက ၀ါရင့်တဲ့ တခြားကဗျာဆရာတွေအတွက် လိုအပ်ချက်တွေများနေပါလိမ့်မယ်..
ဒါကြောင့် ၀ါသနာပါရုံအဆင့်ဘဲ ရှိသေးတဲ့ ကလေးတစ်ယောက်ကို နားလည်ခွင့်လွှတ်ပေးကြပါလို့ တောင်းပန်ပါရစေဗျာ…

ဒီ ကွန်မန့်ကလေးနဲ့ ထောက်ပြလို့ ကျေးဇူး အကို… နောက်လဲ လိုအပ်ချက်တွေကို ပြောပြပေးပါဦးလို့ တောင်းဆိုပါတယ်…

လေးစားလျက်
နိုးဆက် နေ့

commentinfo By: နိုးဆက် နေ့ at Jan 8, 2013
Comment #4

တကယ်တန်း ၀န်ခံရရင် စစ်တုရင် ရုပ်လေးတွေကို ကျွန်တော်ချစ်တယ် အဲဒါကြောင့် သူတို့ကို ကဗျာအနေနဲ့ တင်စားချင်တယ်…

ဒါကြောင့် စရေးတော့ အကိုပြောသလိုဘဲ ကိုယ့်ကဗျာမှာကို အားနည်းတဲ့ အရေးအသားတွေတွေ့လာရတယ်.. ဒါပေမဲ့ အရုပ်တွေအနေနဲ့ကလည်း ချန်ထားလို့မဖြစ်တော့ပြန်ဘူး ဒါကြောင့် ပွင့်ပွင့်လင်းလင်း ၀န်ခံရရင် တချို့တွေက ဇွတ် လုပ်ယူလိုက်ရတယပ်

အဲဒီလိုကြီး ကဗျာမှာ ဇွတ်ဖန်တီးယူရတာကို ကျွန်တော်ကိုယ်တိုင်လည်း သဘောမကျဘူးဗျ…. ကဗျာတစ်ပုဒ်မှာ ရေးထားရုံသက်သက်ကြီး ဖြစ်နေတာ ကျွန်တော် ညံ့နေသေးတာပါဘဲ..

ဝမ်းသာအားရကြီး ၀န်ခံလိုက်တယ်ဗျ… ဟဲဟဲ

လေးစားလျက်
နိုးဆက် နေ့

commentinfo By: နိုးဆက် နေ့ at Jan 8, 2013
Comment #5

ညီလေး ကဗျာကို လိုအပ်တယ်လို့ ပြောတာ မဟုတ်ပါဘူး။ အကိုလည်း ဘာကောင်မှ မဟုတ်ပါဘူး။ ကဗျာဖတ်တာများတဲ့ လူတစ်ယောက်အနေနဲ့ ကဗျာတပုဒ်ကို ဖတ်လိုက်တာနဲ့ အတိမ် အနက်ကို ခန့်မှန်းမိတာရယ် နောက်တခုက ကိုယ်တိုင်လည်း ဒါမျိုး ခဏ ခဏ ကြုံဖူးနေလို့ ပြောပြတာပါ။ ဒီ ကဗျာရွာမှာ ဝါရင့်တွေ ဝါနုတွေ မရှိပါဘူး ငါ့ညီရယ်။ ကဗျာတပုဒ်ဟာလည်း ရေးသက်နုခြင်း ရင့်ခြင်းနဲ့ ပိုင်းဖြတ်လို့ရတဲ့ တန်ဖိုးတခုအတွက် ရှိနေတာမှ မဟုတ်တာ။ အားလုံးက ကဗျာကို ကဗျာလို့ပဲ မြင်ပါတယ်။ ဝေဖန်တယ်ဆိုတာကတော့ ကိုယ်မြင်တာလေးကို မြင်သလောက် ပြောပြတဲ့ သဘောပါ။ ဒါကလည်း ကဗျာကို သေချာဖတ်ပြီးမှ စေတနာနဲ့ ပြောတာပါ။ အပေါ်ယံလောက်ဖတ်ကြည့်ပြီး အကို မပြောတတ်ပါဘူး။

ချီရွန် ( ပုလဲ )

commentinfo By: chiron at Jan 9, 2013
Comment #6

ဟုတ်ကဲ့ ကျေးဇူးပါ…

ကျွန်တော်ကိုယ်တိုင်လဲ ပေါ့နေတယ်ဆိုတာ တကယ်ခံစားရလို့ ပါ..

ကဗျာရွာမှာ ၀ါနုတွေ ၀ါရင့်တွေမရှါဘူးဆိုပြီး လမ်းဖွင့်ပေးလို့ ကျေးဇူးဗျာ…
အဲလို အားပေးမှုကလည်း တကယ်လိုအပ်နေတာပါ….

လေးစားလျက်
နိုးဆက် နေ့

commentinfo By: နိုးဆက် နေ့ at Jan 9, 2013
Comment #7

ကြိက်ပါ၏

commentinfo By: sone.pyuu at Jan 9, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment