Professional Authors

ဒဏ်ရာ (မင်းကိုချစ်တဲ့သု)

လမ်းကြုံရင် မေးချင်ပါရဲ့

တိတ်ဆိတ်နေ ခြင်းဟာ

တစက်စက်နာကျင်နေတဲ့

အတွင်း ဒဏ်ရာကြောင့်လား…

 

သွေးထွက်မှ ဒဏ်ရာက

ပြင်းထန်တာလား…

အတွင်းကြေ ဝေဒနာကတော့

လွယ်လွယ်နဲ့ မဖြေသာနိုင်ခဲ့ပါ…

 

ပထမ၊ ဒုတိယ၊ တတိယ 

တခုမှ မရခဲ့ဖူးလဲ

နှစ်သိမ့်ဆုလေးနဲ့ ကျေနပ်

ပြိုင်တူမဲ့တဲ့ ပွဲမှာတော့

ကျနော် ရွှေတံဆိပ်ဆွတ်ခူးဖူးတယ်…

 

နှစ်သစ်တခုရဲ့အစ January လလို

ငါလူတကာကို ပြုံးပြဖို့ ကံမပါခဲ့ဘူး

ခပ်အေးအေး ခပ်ဆွေးဆွေးပဲ

လူတွေနဲ့ ခပ်ဝေးဝေးနေတဲ့

December ကို ငါဆင်မြန်း

အရေးကြီးကိစ္စမရှိရင် တံခါးလာမခေါက်ပါနဲ့…

 

ပျောက်သွားတဲ့ ပုံရိပ်ကိုရှာဖွေရင်း

ပြတင်းတံခါးက အလင်းအားတွေအရောင်ဖျော့ခဲ့ပြီ

အထီးကျန်ဆန်ဆန် မနက်ဖြန်တွေလည်း

အကျည်းတန်ခြင်းတွေနဲ့ ပြည့်နှက်နေခဲ့

မျှော်လင့်ချက်တွေလဲ ပျောက်သုဉ်းနေဆဲပဲ…

 

နတ်သမီးနဲ့ တူတဲ့ကောင်မလေးရယ်

မင်းအတွက်တော့ ငါ့နှလုံးသားက 

ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်

အတားအဆီးမရှိတဲ့ ဇရက်လေးပါပဲ…

 

မှန်ပါတယ်… တကယ်တော့ ငါပါ

ကံကြမ္မာ မျက်လှည့်ဆရာရဲ့

ဖဲချက်တွေထဲက Joker ပါ

လူတကာပျော်အောင် သရုပ်ဆောင်တတ်တယ်

ဒါပေမယ့်…

မျက်နှာဖုံးနောက်က မျက်ရည်တွေကိုတော့

ဘယ်သူများ မြင်နိုင်ခဲ့လို့လဲ…

 

ဟုတ်ပါတယ်… ငါပါပဲ

ကံကြမ္မာ ဆက်ကက်ဆရာရဲ့

ပွဲဦးထွက် ထုတ်ပြတတ်တဲ့

ခွေးလိမ္မာလေးပါ

လူတွေအံ့အားသင့်အောင် လုပ်ပြတတ်တယ်

ဒါပေမယ့်…

လုပ်ချင်တာ လုပ်ခွင့်မရတာကိုတော့

ဘယ်သူများ သိနိုင်ခဲ့လို့လဲ…

 

အခုတော့…

ပျော်စရာမသိ ဝေဒနာပဲသိတယ်

အကြင်နာမရှိ ဒဏ်ရာပဲရှိတယ်

ဒီလိုမသိချင်းတွေနဲ့ နေသားကျနေခဲ့ပြီ

ဒီလိုမရှိချင်းတွေနဲ့ပဲ တင်းတိမ်နိုင်ခဲ့ပြီ

အတွင်းကြေဒဏ်ရာလေးနဲ့ပဲ ရူးသွပ်နေခဲ့တယ်

ဘာပဲဖြစ်ဖြစ်…

မင်းပျော်နေရင်ပြီးတာပါပဲ…

In: ကဗျာ Posted By: Date: Jun 7, 2012
Comment #1

oh,,,
so much touching to my heart deeply.
nice strong feeling with humerous admirable love.

commentinfo By: ei lay at Jun 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment