တစ်ခါတစ်ရံ – နရီထက်
နတ်ဘုရားရဲ့ အရိပ်
မှော်ဝင်ဆန်တဲ့ တန်ခိုး ရှာဖွေကြတယ်
ကွယ်ဝှက်သွားမယ့် အချစ်ကို ပြေးလုဝိုင်းဖက်ကြတယ်
မိစ္ဆာဥာဏ်တစ်လှည့်
အနာဂတ်တွေ မိုးပြိုကျမယ့် စက်ဝန်းနှင့်
အတ္တတွေ ကြီးလာမယ့် အချစ်ကို ပစ်ရက်ကြပြန်တယ်
သံသယ မိုးနတ်မယ် ဆော့ကစားဝယ်
တစ်ဖက်သတ်နှင့် အပြတ် ရန်သူချေ
ကျီစယ်ကလူး စိတ်ဘ၀င် မပျော်ခိုက်လည်း ကြုံဆုံတယ်
ကတိတွေ ထပ်လောင်း မဟောင်းနွမ်းတဲ့ အချစ်ကြားမှာ
မာနက တိမ်လိုဖွဲ့ ငွေ့ရည်တွဲ တိမ်လိုခို
အငြိုးချက် မိုးကြိုးသက်ဆင်း အရိပ်တွေ ကျလာမယ့်
မိုးရည်စက်ပေါက်တစ်လှည့် မျက်ရည်ခဆင်းလာပြန်တယ်
အလိုလို မြူးထူး ကခုန်မယ့် နှင်းမြူ မဟုတ်လေလည်း
လရိပ်သက်ဆင်းလာတဲ့ ညသန်းခေါင်
ညပျော် ၀ိညာဉ်တွေလို
အချစ်ကဝေငြိ ပျော်စရာစက္ကန့်တွေ ကခုန်ကြတယ်
သဲမုန်တိုင်းထန် ကန္တာရဆန်ဆန်
လေထန်ထန်ကြား ပါရှန်ဒဏ္ဍာရီတစ်ကြောက
တစ်ထောင့်တစ်ညလောက် မကုန်ခမ်းတဲ့
မီးစာ ထွန်းညှိ ရင်ကို ပူယစ် နှလုံးသား ခွဲရစ်
ပြသကြမယ့် အာဂသူရဲကောင်းလည်း ဖြစ်ကြဖူးပြန်တယ်
သွေးရူးတမ်းတ အလွမ်း အဆိပ်တက်
အနမ်းတွေ ခ လာမယ့် အဆွေးဒဏ်ချက် ရင်ကိုပွတ်သပ်
ဒီလက်တွေက အသက်ဝင်မယ့် စိတ်ညာဉ်ကို သခင်ဆီ ခစားပြန်တယ်
ရူးသွပ်တဲ့ ရက်စက် ဆိတ်ငြိမ်အက်စပ် ဒီရင်ထဲ အမည်နာမကို တစ်ဖွဖွ ခေါ်တယ်
လေဟာနယ် လှန်ပစ် စိတ်ကူးမှာ လကမ္ဘာက အိမ်
စိမ်းမြမြ သစ်ပင်ကို ဓါးထောက်လို့ ငါတို့အတွက် နေရာပေးစမ်း
ဟေ့… ပင်လယ် မသိကျေးကျွန် မလွဲတာနဲ့ ငါတို့အတွက် လကို ဖမ်းပေးစမ်း
ကြယ်တွေ ခစား ဒီကမ္ဘာမြေကို ပိုင်စားမယ့် ချစ်သူတွေလား… နေရာပေးစမ်း
လမ်းခွဲစကားမဆို ပျက်သုဉ်းမယ့် နန်းပျက်မြို့တော်
အမုန်းစကားမဆို မှောင်ကျတဲ့ မြို့ရိုးဟောင်း
နင် မရှိတဲ့ ကမ္ဘာ တစ္ဆေတွေ ခိုလှုံကြလိမ့်မယ်
အတ္တတွေနဲ့ မည်းစက်တက်နေတဲ့ နှလုံးသား
ဖြူဆွတ်ယုယနွေးထွေးခွင့်ကို ပြောင်းလဲခိုင်းမယ်
ယိုစီးနေတဲ့ ဦးနှောက် ထာဝရအလင်းခွင့် စေစားခိုင်းမယ်
အချစ်မရှိတဲ့ လေပြေ ပန်းတွေကို ရနံ့ပြယ်စေတယ်။ ။
နရီထက်
( ၃၁ ၊ ဇန်န၀ါရီလ ၊ ၂၀၁၂ )
Comment #2
လမ်းခွဲစကားမဆို ပျက်သုဉ်းမယ့် နန်းပျက်မြို့တော်
အမုန်းစကားမဆို မှောင်ကျတဲ့ မြို့ရိုးဟောင်း
နင် မရှိတဲ့ ကမ္ဘာ တစ္ဆေတွေ ခိုလှုံကြလိမ့်မယ်
By: May Kha at Jan 31, 2012
Comment #4
လေဟာနယ် လှန်ပစ် စိတ်ကူးမှာ လကမ္ဘာက အိမ်
စိမ်းမြမြ သစ်ပင်ကို ဓါးထောက်လို့ ငါတို့အတွက် နေရာပေးစမ်း
ဟေ့… ပင်လယ် မသိကျေးကျွန် မလွဲတာနဲ့ ငါတို့အတွက် လကို ဖမ်းပေးစမ်း
ကြယ်တွေ ခစား ဒီကမ္ဘာမြေကို ပိုင်စားမယ့် ချစ်သူတွေလား…
ကြိုက်တယ်ဗျာ
အားပေးသွားတယ်နော်……….
By: harris at Feb 2, 2012




Comment #1
ကိုနရီ…အားပေး..ဆဲ..
အားပေးသွားပါတယ်ဗျာ…