Professional Authors

ဇင်္ဂလနဲ့ရှင်မ (မောင်ခိုင်မာ)

ဇင်္ဂလနဲ့ ရှင်မရဲ့
ကြင်စဦး ဓာတ်ပုံဟာ
ဧည့်ခန်းမှာ ဖုန်တွေတက်လို့
စာရွက်စာတန်းတွေ ပြန့်ကြဲ
စာအုပ်ပုံကို ဖရိုဖရဲဖွရင်း
ဇင်္ဂလ ဆိုတဲ့ ကဗျာဆရာဟာ
စာရေးစားပွဲ ညစ်ထပ်ထပ်ပေါ်က
ပလပ်စတစ် စားပွဲခင်းကို
ဘောလ်ပင်နဲ့ ပြင်းပြင်းထိုးစိုက်
ကျမ်းကိုးတွေနဲ့ တိုက်ခိုက်ရလို့
မောဟိုက်နေတဲ့ ပုံသဏ္ဍန်……
…. …. …..
ဧည့်ခန်းနံရံ နောက်ကွယ်မှာတော့
ဘဲဥခေါက်သံ ,မီးသွေးပေါက်သံ
ဇလုံသံ,ဖွန်းသံတွေဟာ
ဒရမ်ခေါက်သလို ကြားနေရတယ်
သံဓာတ်ပါတဲ့ ဟင်းချက်ဖို့
ဟင်းနုနွယ်ရွက်တွေကို
ရေဆေး သန့်စင်ရင်း
မနက်စာ ထမင်းပွဲအမီ
ကသီကရီလေ
စီစဉ်နေရတဲ့ ရှင်မဟာ
မီးဖိုချောင် ဗေဒမှာ
ဘွဲ့လွန်ပါရဂူ တစ်ယောက်မို့
ဇင်္ဂလလို လူရဲ့
အူတူတူ အယူအဆလောက်တော့
သူမက…အပျော့ပါ
ကန်တော့ဆွမ်းပါဘုရား…ဆိုတဲ့
မီးဖိုဆောင်ထဲက သူမရဲ့အသံကို
ဆွမ်းခံ ဦးပဇ္ဖင်း မကြားရအောင်
ခါးတမမနဲ့ ချက်ပြုတ်
စက်ရုပ်လို…
တက်သုတ်ရိုက်နေရတဲ့ ရှင်မနဲ့
ဇင်္ဂလတို့အတွက်တော့
ရုဒ္ဓရသ မနက်ခင်းမှာ
မျက်လုံးတွေ မီးတ၀င်းဝင်းပေါ့
စီးချင်းထိုးကြတော့မယ့်ဟန်….။
ဇင်္ဂလ…
ဆန်တစ်ပြည်
ဆီတစ်ဆယ်သား
ဟင်းနုနွယ်ရွက် နှစ်စည်း
ဘဲဥ နှစ်လုံးလောက်နဲ့
နှစ်ရာတန် တစ်ရွက်လုံးပျောက်သွားတာ
ယောက်ျားမှာ တာဝန်ရှိသလား
မိန်းမမှာ တာဝန်ရှိသလား
မင်းသိထားရင် ချေပလေ
ပါတိတ်တစ်စကြောင့်
ဝါဏိဇ္ဇနဲ့
စာရိတ္တတွေ ဖျက်မှုန်းခံရတာ
တရားခံ ဘယ်သူတုန်း…ပြောလေ…။
ရှင်မ….
ကမ္ဘာဦး လူသားတွေလို
သားငါးကို အစိမ်းစားကြရင်
ပိုက်ဆံတွေကို
သိမ်းထားလို့ ရတာပေါ့
ရွှေတစ်ကျပ်သား နှစ်သောင်းခွဲ
ဒါ အံ့သြဖို့ ဘာကောင်းသလဲ
ရွှေချောင်းထက် အရေးကြီးတဲ့
မီးသွေးတစ်ပိဿာ- သုံးဆယ်
ဒီမှာ မီးဖိုချောင်ကမ္ဘာကြီး
ပျက်ဆီးရတော့မယ်
အီသီယိုးပီးယား ပုံရိပ်ကို
မိန်းမတွေ ရင်ခုန်ထိတ်တာပေါ့
ပါတိတ်တစ်စကြောင့်
စာရိတ္တ ပျက်ဆီးရတာထက်
ဝမ်းမီးညှိုးပါးလို့
ပန်းသီး ပိုးစားခံရတဲ့ ပြကွက်
ဒါ….မိုက်တီးရဲ့ ရိုက်ချက်လား
စရိုက်ပျက်မိလို့
အရှိုက်ခက်ရတဲ့ကိစ္စ
မိန်းမတွေကိုချည်း လွှဲမချနဲ့ရှင့်….။
ဇင်္ဂလ….
ဘယ်လိုပဲ ဖြစ်ဖြစ်လေ
ငွေ ကို ကိုယ်ကချစ်မှ
သူကလဲပြန်ချစ်မှာပေါ့
ငွေကြေးစံနစ်ကို
ဟို ပဝေ ရှေးခေတ်ကလို
ကျစ်လစ်ခိုင်မာစေချင်ရင်
အဲ—။
ရှင်မ…..
ကဲ…ဘယ်လိုစီမံမလဲရှင်….
ဇင်္ဂလ….
နိုင်ငံတကာ ငွေကြေးဟာ
အရေးကြီးတယ်လေ
ရွှေဈေးတက်ရင်
ငွေကြေးပွက်တတ်တယ်…
ဈေးကွက်စီးပွားကိစ္စတွေနဲ့
ကုန်သွယ်ရေး ပြိုင်ဆိုင်မှုတွေကို
အဏုမြူ ခြိမ်းခြောက်တဲ့ရန်က
မခံရအောင်
ကိုယ့်ဘက်က ကြံဆရမယ်….။
ရှင်မ….
ကြားဖူးနားဝ စကားတွေနဲ့
ရှင်-ကျွန်မကို ကြွားနေမယ့်အစား
ရော့-ဆီသွားဝယ်ပေးပါလား……။
ဇင်္ဂလ…
ရွှေတရား ငွေတရားကို
လူသားတိုင်း နားဝင်ချိုအောင်
မီးဖိုချောင်နဲ့ ပြင်ပကမ္ဘာကြီးဟာ
ရင်းနှီးချစ်ခင် နေရမယ်
တစ်ဦးဝိဥာဉ်ကို
တစ်ဦးက သိနေရမယ်
ငွေဆိုတာ လုံ့လရှိသူတွေအဖို့
မဏိမေခလာဖြစ်သလို
ပစ်စလတ်ခတ် အနေမတတ်ရင်တော့
ဒေ၀ဒတ် ဖြစ်သွားမယ်….။
ရှင်မ……
ကောင်းပြီလေ
ဟောဒီ့ သီရိဂေဟာမှာ
ကျွန်မဟာ မဏိမေခလာလား
ရှင်ဟာ ဒေ၀ဒတ်လား
ကိုယ့်တရားကိုယ်ပြန်စစ်
အကဲဒမစ်ကျကျ ဆွေးနွေးမယ်
မညစ်ပတ်ကြ ကြေးပေါ့ရှင်…။
{ကုလားထိုင်ပေါ်က
ဇင်္ဂလဟာ
စာကြည့်စားပွဲကို
ဝုန်းကနဲမြည်အောင် ထုလိုက်တယ်…}
[ မီးဖိုဆောင်ထဲက
ရှင်မဟာလဲ
လက်ထဲက သံပန်းကန်ကို
ချလွမ်ကနဲမြည်အောင် ချလိုက်တယ်]
ဇင်္ဂလ……
ဟေ့ – အိမ်ထောင်တစ်ခုမှာ
စီမံခန့်ခွဲမှုပညာဟာ
ကဗျာဆရာရဲ့ အလင်္ကလိုပဲ
ညင်သာတယ် ,ပျော့ပြောင်းတယ်
သိမ်မွေ့တယ် ,နက်နဲတယ်
ခက်ခဲစွာ ကြံဆရတဲ့
ဂမ္ဘီရ ဆန်တယ်
ဥာဏ်ရည် ထက်မြက်မှသာ
ကြံစည်ချက်မှန်ကန်မယ်
မင်း ,ငါ့ကို မဖီဆန်နဲ့နော်….။
ရှင်မ………
ကောင်းပါပြီတဲ့ရှင်
ရှင့်ရဲ့ ဂမ္ဘီရဥာဏ်နဲ့
ဆန်တစ်ပြည်ရအောင်
ဥာဏ်ရည်ပြစမ်းပါဦး
ကျွန်မရဲ့ တစ်နေ့စာ ဘတ်ဂျက်နဲ့
ရှင်ပေးတဲ့ နှစ်ရာတန်တစ်ရွက်
ဘယ်သင်းက ပိုထက်သလဲလို့
မီးဖိုချောင် ဂရဖ်ကွက်ထဲမှာ
အတက်အကျ ရှာကြည့်ကြမယ်…..။
ဇင်္ဂလ………
ငွေစက္ကူဆိုတာ
လေနဲ့ အသက်ရှုနေတဲ့ လူသားလိုပဲ –
အမြဲရှင်သန်နေရမယ်
ပိုက်ဆံအိတ်ထဲမှာခွေနေတဲ့
ကေသရာဇာ ခြင်္သေ့တစ်ကောင်နဲ့
အမိန့်ရ အပေါင်ဆိုင်
ကောင်တာပေါ်က ခြင်္သေ့ဟာ
ဘယ်ခြင်္သေ့က သေနေပြီး
ဘယ်ခြင်္သေ့က ရှင်နေသလဲ
ဓနဗေဒကို အတွေးမှားရင်
ကုဋေရှစ်ဆယ် သူဌေးသားတောင်
တစ်ချိန်မှာ ဆွေးသွားလိမ့်မယ်…..။
ရှင်မ………….
သိနေတယ်လေ
ငွေတစ်ကျပ်ဆိုတာ
ယူနစ်တစ်ခုခေါ်တာရှင့်
ဟင်းရွက်ဆိုင်ပေါ်က
ကန်စွန်းရွက်တစ်စည်းနဲ့
ရှင်- ဖန်တီးပေးတဲ့ ငွေတစ်ကျပ်
ဘယ်ဟာက မြင့်မြတ်တယ်
ဘယ်ဓာတ်က အသက်ရှိတယ်ဆိုတာ
အို….ကျွန်မ, မသိဘဲရှိပါ့မလား
အဘိဓမ္မာစကားနဲ့ ပြောရင်တော့
ဒါတွေဟာ……
ပညတ်သဘောပါရှင်…..။
ဇင်္ဂလ………….
အိမ်း…..မှတ်သားစရာပဲ
ဖိနပ်ကြားက
နတ်စကားထွက်တယ်ဆိုတာ
ဒီလိုဟာမျိုးပေါ့
ကလိထိုးသလိုရယ်ရတယ်ဟေ့။
ရှင်မ…………….
ပြည်တွင်းဖြစ်အတွေးနဲ့
ပေါက်ပန်းဈေးရေးထားတဲ့
ကွမ်းယာဆိုင်စီးပွားရေးအလုပ်
ဆောင်းပါးလေး တစ်ပုဒ်,နှစ်ပုဒ်ကြောင့်
ရှင်ကိုယ့်ရှင်အဟုတ်မှတ်
ဂျွန်မေနပ်ကိန်းလို့များ
ထင်နေရော့သလား
သနားလိုက်တာရှင်…..။
{အိမ်ရှေ့မှာ တစ်ယောက်ထဲ
ဒုတိယအကြိမ်မြောက်
ပေါက်ကွဲမှုကိုမြင်ရတယ်
ဇင်္ဂလရဲ့ တောက်ခေါက်သံဟာ
မီးဖိုဆောင်ထရံကို
ထိမှန်တုန်ခါသွားစေတယ်}
(မီးဖိုချောင်ထဲက
ဒုတိယအကြိမ်မြောက်
ပေါက်ကွဲသံနဲ့အတူ
ထမင်းအိုးဆူနေတာ မြင်ရတယ်
ရှင်မရဲ့ လေချဉ်တက်သံဟာ
ဧည့်ခန်းထရံကို မှန်သွားတယ်)
ဇင်္ဂလ……….
ရွှေအကြောင်း ,ငွေအကြောင်း
ကျပ်အကြောင်း,ဘတ်အကြောင်း
မတ်ခ်အကြောင်း, ယန်းအကြောင်း
ဖရန့်အကြောင်း,ဒေါ်လာအကြောင်း
ဘယ်အကြောင်းကို သိချင်လဲ….
ဇင်္ဂလကို
ရှင်မ ဘယ်လိုစမ်းချင်လဲ…
အဆန်းထွှင်ပြီး ရေးထားတဲ့
ငါ့ရဲ့
ကွမ်းယာဆိုင် စီးပွားရေးကိစ္စ
ပြည်တွင်းဖြစ် ဘောဂဗေဒ အတွေးဟာ
ဥရောပ ဘုံဈေးကို
မဖြုံရေးချ မဖြုံဟေ့….။
ရှင်မ…………
ဂုဏ်ယူပါတယ်ရှင်
ဟောဒီမှာ………
နံပါတ်မထင်တော့လို့
မယ်သီလရင်ကို လှုတာတောင်
မယူလို့ ကျန်ခဲ့တဲ့
ကျပ်တန်အဟောင်းတစ်ရွက်ကို
အကောင်းဘက် ပြန်ရောက်အောင်
ဆောင်ရွက်ပေးစမ်းပါ….ဒါလင်ရယ်။
ဇင်္ဂလ………..
ငွေကြေးနယ်ပယ်ဆိုတာ
လည်ပတ်မှု မရှိတော့ရင်
ဝိဥာဉ်မဲ့ခန္ဓာကိုယ်လို ပုပ်စပ်တဲ့
ရုပ်ကလပ်တွေလိုပေါ့
သူ့ကိုဖျက်ဆီးပစ်ရမယ်
မီးသင်္ဂြိုလ်ပစ်ရမယ်
ချက်နိုင်ငံရဲ့ ဗဟိုဘဏ်မှာ
တန်ချိန် နှစ်ဆယ်လောက်ရှိတဲ့
ဝိဥာဉ်မဲ့ ငွေစက္ကူပုံကြီးကို
နေ့စဉ်မီးရှို့ရတဲ့ ငွေပေါင်း
ကရောင်းငွေ (အဟောင်း)တွေဟာ
ကုဋေတစ်သောင်းဖိုးလောက်ရှိမယ်
အဲဒါတွေ…မင်းသိရဲ့လား…
ငွေဆိုတာ တရားမ၀င်တော့ရင်
သနားကြင်နာလို့ မရဘူးလေ။
ရှင်မ…………..
အနိစ္စသဘောကြောင့်
ကိစ္စချောသွားတဲ့
တရားမ၀င် စက္ကူဟောင်းတွေကို
ချက်နိုင်ငံသွားပြီး
အလကားတောင်းလို့ရရင်
သိပ်ကောင်းမှာပဲရှင်…..။
ဇင်္ဂလ……………
ဒါ…ဘာလုပ်ဖို့လဲကွ…။
ရှင်မ……………..
အို…..အလိုက်တဲ့
ဘောဂဗေဒ ပါရဂူကြီးရယ်
ရန်ကုန်မှာ မီးသွေးရှားတယ်
ထင်းရှားတယ်ဆိုတာ
ရှင်- တကယ်မသိဘူးလား
မီးသွေးအစား….
ထင်းအစားသိုလှောင်
မီးဖိုချောင်သုံးဖို့ ကုန်ကြမ်း
အရမ်း…အရမ်းကို ကောင်းမယ့်
ကရောင်းငွေစက္ကူတွေပေါ့ရှင်….။
ဇင်္ဂလ………………..
ဖြုတ်ဦးဏှေက်လို အတွေးနဲ့
မီးသွေးကိစ္စကို စာရင်းရှုပ်
ရေးကြီးခွင်ကျယ်လုပ်နေရင်
ပင်လယ်သမုဒ္ဒရာထက် ကျယ်တဲ့
ငွေကြေးနယ်ပယ်ကို
ရွှေဈေးနဲ့ဖလှယ်ကြပုံတွေ
ငွေကြေးသံသရာ တရားကို
ရွှေဈေးကံကြမ္မာဓားနဲ့
ခပ်ပါးပါး စီရင်ပုံတွေ
ရွှေဘုံသာလမ်းရဲ့ ဂုဏ်ပုဒ်တွေ
ဖားကန့်ရဲ့ အတ္ထုပ္ပတ္တိတွေကို
မင်း, ဘယ်လိုလုပ် သိမှာလဲ
မီဖိုချောင် အဘိဓမ္မာနဲ့
ငါ့ကို လာမရိပါနဲ့ကွာ…..။
ရှင်မ………………..
ကျွန်မဟာ မရိတတ်ပေမယ့်
ရှင့်ကိုယ်စောင့်နတ်ကတော့
ရှင့်စိတ်ဓာတ်ကို သိမှာပါ
ငါးပိရည်တစ်ခွက်နဲ့
ကန်စွန်းရွက်ပြုတ်တရားဟာ
ဖားကန့်အတ္ထုပ္ပတ္တိနဲ့
ရွှေဘုံသာလမ်း အဘိဓမ္မာထက်
ပိုပြီးခမ်းနားတယ်ရှင့်…။
ဇင်္ဂလ………………….
ငွေအကြောင်း မင်းကိုပြောရတာ
ဟောရင်းသာ ပြန်တော်မှုမည်
ဆန်ဖြူဖြူတစ်ခွက်မျှ
ထွက်နိုင်ပုံမပေါ်ချေ….ဆိုတဲ့
စလေဦးပုံညရဲ့ ကဗျာလိုပဲ
ဘာကိုမှ
မျှော်လင့်လို့မရတဲ့ မိန်းမ…။
ရှင်မ…………………
သြော်…..ရှင်က
မဒမ် ဇင်္ဂလကို
မခံချင်အောင် စ,တယ်ပေါ့လေ
ဘ၀အချိုးမပြေလှတဲ့
ဓနမိုးလေ၀သကို
ကျွန်မက….ရှင့်ထက်ပိုပြီး
လက်ပွန်းတတီး…သိတယ်ရှင့်….။
ဇင်္ဂလ………………….
ကိုင်း….
ဒီလောက်တောင် လေပြိုနေရင်
ရွှေဆိုတာဟာ
ဘယ်လိုအရာလဲ
ကဲ….ပြောလေ….
မြန်မာ့ ရွှေးဈေးကွက်နဲ့
မြန်မာ့ ငွေကြေးအသက်ဆိုတာ
ဘယ်လိုဟာလဲ
ကဲပြောလေ……။
ရှင်မ……………………..
ဒါလေးများ အလုပ်ရှာပြီး
ပုစ္ဆာထုတ်နေရသေးလားတော်
တရုတ်တန်းမှာ
တုတ်ထမ်းပြီး ရှာစရာမလို
ဝါ၀ါဆိုရင်ရွှေလို့သာမှတ်ထား
ပတ်ကား…ချောင်လီ
တိတ်လီ….တိုင်စိန်
ချိန်စန်း….ဟုန်ရှင်
တိုင်ပင်း…တိုင်အုံ
ယုံဟုန်…ချောင်ကျင်
ကျုံရှင်…မလိခ..တဲ့
အားလုံးသိကြတဲ့ အတိုင်းပဲလေ
စိနဗေဒ ရွှေဆိုင်တွေဟာ
ကျွန်မနဲ့ဆိုင်သလား….
မီးသွေးဆိုင်တွေဟာ
ကျွန်မနဲ့ဆိုင်သလား…..
ရှင်ကိုယ်တိုင် ခံစားကြည့်ပါ။
{ဇင်္ဂလဟာ
ဒေါသထွက်ထွက်နဲ့
သောက်လက်စ ဆေးလိပ်တို
ပြာခွက်ထဲ ကြိတ်ခြေပစ်လိုက်တယ်}
[ရှင်မဟာ….
အနားမှာ တစ်ညောင်ညောင်အော်နေတဲ့
ကြောင်ကလေးရွှေဝါကို
ဟဲ့…သေနာကောင်…ဆိုပြီး
လက်နှီးစုတ်နဲ့ ပုတ်လိုက်တယ်]
ဇင်္ဂလ…………………..
မင်းလိုမိန်းမကို
ဘောဂဗေဒတရားနဲ့
ဟောကြားနားချရတာ
ကျွဲပါးဆောင်းတီးပြရသလိုပဲ…….။
ရှင်မ………………………
ရှင့်လို ယောက်ျားကို
အာဟာရဗေဒတရားနဲ့
နားချရတဲ့ အလုပ်ဟာ
လယ်ကွင်းထဲက စာခြောက်ရုပ်ကို
အသက်ဝင်အောင် လုပ်ရသလိုပဲ
ကဲ…..ထမင်းပြင်ပြီးပါပြီရှင့်….။
(ဇင်္ဂလနဲ့
ရှင်မရဲ့ စကားဝိုင်း
သည်နားမှာတွင် ဟဖ်တိုင်း)
မြန်မာ့ဓန၊ဧပြီလ၊၁၉၉၄
/***********************************************************************************************************************/
မှန်အကြောင်း လူအကြောင်း (မောင်ခိုင်မာ)
“တစ်ခါတစ်ရံ….
အင်းယားကန်မှာ၊ မှန်ကလေးတစ်ချပ်
ဖျတ်ခနဲကွဲ”…..သတဲ့
အမှတ်သညာ တရားထဲမှာ
စွဲခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ်လေ
ဇရာရုပ်ကြောင့် မနုပျိုတော့တဲ့
ခုလိုအချိန်မှာတောင်
သိင်္ဂါရအချစ်တွေကို သယ်ဆောင်
ပန်းနုရောင် မေတ္တာဒြပ်စင်ကို
အမှတ်မထင် သတိရနေသတဲ့
နိစ္စဓူဝ ၀တ္တရားနဲ့
မှန်ရှေ့ကို သွားသွားပြီး
“ငါ….မအိုသေးပါလား…
ငါ…မအိုသေးပါလားလို့”
အလောင်းစည်သူရဲ့ နှလုံးသား
ခဏငှားပြီးကြွေးကြော်
ချွေးစော်မနံအောင်
လာဗီယာ ပေါင်ဒါမွှေးနဲ့ဖန်ဆင်း
ဘရိုင်ခရင်း ဆံပင်ကိုခြယ်သ
အို…ပြယ်မွသွားတဲ့
ငယ်ဘ၀ပုံရိပ်ကို
တိတ်တိတ်လေးပြန်လွမ်းရင်း
လှည်းတန်းလမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ
(ဟိုတုန်းကလို စတိုင်နဲ့…)
ပြန်ထိုင်ချင်သေးသတဲ့
ဒိုင်ယာလော့ အသစ်တွေနဲ့
ခေတ်ပေါ်ချာတိတ်တွေကို
သူ့စိတ်ထဲမှာ နည်းယူရင်း
ထီးဖြူလို့ ဖိနပ်ပါးချင်ပါး
သူ့အသက် ငါးဆယ်ကျော်ဆိုတာ
မှန်ရှေ့မှာ မေ့ပစ်ထားခဲ့သတဲ့
ဒါဟာ…..
သူ့ကိုယ်သူ လှည့်စားတာမဟုတ်
တိုင်းမရှင်းခလုတ်နှိပ်ပြီး
နှုတ်ဆိတ်စွာ အတိတ်ကို ပြန်သွား
သိပ်ခံစားချင်သတဲ့ ရှင်မရယ်….။
“ပရ” ပုံရိပ်တွေကို ဘေးချိတ်
“အတ္တ” ဂုဏ်ဟိတ်တွေကို တွေ့အောင်ရှာ
လိုချင်တာကို ရအောင်ယူ
ဟောဒီ့ ဇမ္မူပေါ်မှာ
သိပ်တော်တဲ့ လူပါတကား…….လို့…….
ကမ္ဘာကြီးက မြောက်စားတာကိုလည်း
မောက်မောက်ကြွားကြွားခံယူချင်
တစ်နေ့တာရဲ့ အရျင်သခင်ဘ၀ကိုလည်း
မဆင်မခြင်နဲ့ ရချင်သေးသပါ့
ရှင်မကို…..
သူ့အကြောင်း ပြောပြဦးမယ်
သူနေတဲ့ လောကကြီးထဲက
အဟောဝတ ပြောပြမပြီး
အံ့ချီးမကုန်နိုင်တဲ့
ကြေးမုံမှန်ချပ်တွေကို
တစ်ချပ်ပြီးတစ်ချပ် ရိုက်ခွဲရင်း
ပုလင်းမှန် မှုန်ဝါးဝါးရယ်
ပြဒါးကွာနေတဲ့ မှန်အက်အက်နဲ့
မှန်ခွက်ခွက်,မှန်ခုံးခုံးတွေကို
ပြုံးကာရယ်ကာ…သူတွယ်တာသတဲ့
“မှန်တစ်ရာနဲ့
ငါရဲ့ ရုပ်ပုံ၊ထောင့်ပေါင်းစုံက
အာရုံစိတ်ဆန်း၊အမိဖမ်းလည်း
ပုံကြမ်းတစ်စ၊ပုံလှတစ်ခု
ပုံနုတစ်သွယ်
ဘယ်မျှ တစ်စစီ ဖမ်းမမိ”….တဲ့
အဲဒီ့ ကဗျာတစ်ပုဒ်ကို
သူ့ဆီ ပါဆယ်ထုတ်ပြီး
ဘယ်လိုလုပ် ပို့ရပါ့မလဲ
ဟောဒီ့ ရုပ်ကမ္ဘာကြီးထဲက
ဖွဲ့စည်းမူများစွာထဲမှာ
လူသားဆိုတာကို
သေသေချာချာ တွေးကြည့်ရင်
အသေးငယ်ဆုံး ကျုပင်တစ်ပင်
ဒါပေမယ့် ရှင်မရယ်
စဉ်းစားဆင်ခြင်တတ်တဲ့ ကျုပင်….
လူကို သည်လို သူမမြင်
မှန်ကွဲတွေနဲ့ သူပျော်ရွှင်။
အရိပ်အလျှံ တဖျတ်ဖျတ်နဲ့
စိတ်မှန်တစ်ချပ်ထဲမှာ ရပ်ပြီး….
သူ့ကို အကဲခတ်နေသူဟာ
သူနဲ့တစ်ထေရာတည်း တူတယ်ဆိုတာ
သည်လူ ဘာလို့မေ့နေရတာလဲ
သူ(ဧကန်) တွေ့နေရတဲ့
မှန်ရှေ့က အဲဒီလူဟာ
သူ့အတ္တကို အဖုံးလှပ်ပြီး
ဆုံးဖြတ်ချက် ချမယ့်လူဆိုတာကော
သည်လူ…
ဘာသဘောနဲ့ မမြင်ရတာလဲ
ရှင်မ…သိချင်ပါသလား
သူ့မှာ အဖော်သဟာ ပျော်စရာနဲ့
ဒေါ်လာတွေရှိတယ်….
ဇာတိပုည ဂုဏ်မာနနဲ့
ယုန် (ပါပ ) တွေရှိတယ်…
ထိ လိုက်ရင်…. ရွှေစင်
မွှေလိုက်ရင်….ငွေထမင်းပေါ့
နွေပြတင်းမှာ
လေညင်းလုပ်တဲ့ စက်ရှိတယ်….
ကိုင်း…သူဘာရှိချင်သေးလဲ
သူဘာလိုချင်သေးလဲ
သူ့လက်ထဲမှာ ၀ှက်ဖဲတစ်ချပ်နဲ့
ထူးဆန်းတဲ့ မီးခွက်ရှိနေတယ်
တချို့လူတွေကတော့
သူ့ကို မော့ကြည့်ပြီး အံ့သြကြ
ချီးကျုးထောမတာပြုကြ
အတုမဲ့ လူသားဆိုပြီး ကြည်ညိုကြ
လိုရင်းတိုရှင်းသမားလို့ လေးစားကြ
ဧရာမ ဥာဏ်ကြီးရှင်လို့ ထင်မှတ်နေကြ
(မှန်သားပြင်ထဲက လူကတော့ )
သူ့ကိုယ်သူ ပြန်ကြည်ဖို့ ရှက်နေတဲ့
မှန်အပြင်ဖက်က လူသားကို
အလကား ငတုံး, ငအ
လူ့အန္ဓကြီး….ဖိုးတွမ်တီး…တဲ့
ဒေါသကြီးစွာ နှင်ချတာ
ရှင်မ…. မြင်ဖူးပါသလား
ရှင်မ….ကြားဖူးပါသလား
မှန်နဲ့ လူသားဖြစ်ပုံများ…။
မှန်ရှေ့မှာရပ်ပြီး
စာအုပ်ထူကြီးတွေကို ရွတ်ဖတ်
မှန်ထဲမှာ ပြန်ဟပ်နေတဲ့
သူ့သဏ္ဍန် သူ့ပုံရိပ်ကို
သူ့ပရိတ်သတ်လို့ သူထင်
မှန်မျက်နှာပြင် စကားပြော
ဘယ်တော့မှ မမောတဲ့လူ
“ပြောသူ ,နာသူ…သတိမူ”…တဲ့
“စကားကျယ်သူ…ဗုဒ္ဓဆူ”….သတဲ့
“စကားထူငြား- အပြစ်ပွား”…သတဲ့
“စကားအမှားငရဲလား”…သတဲ့
ဘာသာတရားရဲ့ အဆုံးအမကိုလည်း
လုံးဝမနာခံတဲ့လူ
ပုဂံခေတ်က
ကျန်စစ်သားရဲ့ စကား
အင်းဝခေတ်က
ရာဇာဓိရာဇ်ရဲ့စကား
တောင်ငူခေတ်က
နတ်ရှင်နောင်ရဲ့ စကား
ညောင်ရမ်းခေတ်က
ပဒေသရာဇရဲ့ စကား
ကုန်းဘောင်ခေတ်က
ကနောင်မင်းသားရဲ့ စကား
ဘယ်စကားမှ နားမကြားတဲ့လူ
ဒေသိယ စကား
စေတသိက စကား
အရွန်းအပြက် စကား
အစွန်းနှစ်ဖက် စကား
ဝိရုဒ္ဓ အာဂမ စကား
ပဋိ ပုစ္စ ဗျာကရဏ စကား
အင်္လကာစကား, မင်္ဂလာစကားနဲ့
စကားအရာ ( ၁၀ ) အင်္ဂါကို
တစ်အင်္ဂမျှ မသိတဲ့လူ
အဲဒီ့ လူဟာ မှန်နဲ့မိတ်ဖွဲ့ပြီး
အိပ်တဲ့ အချိန်မှတပါး
မှန်ကြည့်ပြီး စကားပြောသူ
ဟောဒီ့ ပါးစပ်ကြီးကို
ကော်ကပ်ပြီး ပိတ်ထားချင်သတဲ့
သူ့အိမ်ရှင်မ မျက်မှောင်ကြုတ်
သည်လူကတော့ အဖက်တောင်မလုပ်
မှန်တစ်ချပ်နဲ့ ဟန်ဓာတ်ခုတ်သူ….။
တစ်ခါတုန်းက
“အာဖံထီး”လို့ အမည်ရတဲ့
ခပ်အအ…ခပ်ထိုင်းထိုင်း
ဝါဂီ တိုင်းရင်းသားတစ်ယောက်ဟာ
ဓားကိုင် မကျွမ်းကျင်
ဆံပင် မညှပ်တတ်သေးတဲ့
ဆတ္တာသည် တစ်ဦးထံမှာ
ဦးပြည်း အရိတ်ခံဖို့ သွားတော့
အာဖံထီးရဲ့ ဦးရေပြားမှာ
ဓား လေးငါးချက် ထိသွားတယ်
အဲဒီ့ ဓားခတ်မိလို့
စပ်နေမယ့်နေရာကို
ဆတ္တာသည်က-
ဝါဂွမ်းဖတ် ဖြူဖြူလေးတွေနဲ့
ကပ်ပေးလိုက်သတဲ့
သည်လိုနဲ့ ခေါင်းတုံးလည်း ရိတ်ပြီးရော
အာဖံထီး ဟာ
မှန်ရှေ့မှာ ရပ် ကြည့်ပြီး
ဟာ- ခင်ဗျားလက်ရာ
တယ်ကောင်းပါလား….
ကျုပ်…ခေါင်းတစ်ခြမ်းမှာ
ဝါဂွမ်းပင်တွေတောင် ဖွေးလို့
စိုက်ပေးလိုက်သေးသကိုး
အေး….ကျန်တဲ့အခြမ်း တစ်ဝိုက်မှာတော့
ကျုပ် နှမ်းစိုက်ပါ့ရစေဗျာ…တဲ့
ဆတ္တာသည်ကို ဟာသနှောလို့
အာဖံထီးဟာ… ပြန်ပြောခဲ့တယ်
(မှန်ကြည့်ခဲ့ပေလို့သာပေါ့…)
ဟောဒီ့ လူကတော့လေ
တေမိလိုပုံနဲ့
ရေငုံနူတ်ပိတ်နေပေမယ့်
ကြေးမုံမှန်ရိပ်ကိုတော့ ရန်စောင်
ဟန်ဆောင်မရ…
မှန်ထောင်ပြတဲ့ လူကိုလည်း
ငြူစူမာန်မဲလို့ပေါ့
မှန်ကွဲမှန်အက်နဲ့
မှန်ခွက်မှန်ခုံးတွေထဲမှာ
ပုန်းကာ….ကွယ်ကာ
ပြုံးကာ…ရယ်ကာ
အလှရှာသတဲ့
သည်လူ ရွာလည်တော့မှာပဲ….။
ဟိုတစ်ခါတုန်းက
ဝဏ္ဏ မစ္ဆရိယတဲ့
ကိုယ့်ထက်လှရင် မနာလိုသူ
သ၀န်တိုစိတ်နဲ့ နှိပ်စက်တတ်သူ
ခက်ထန်တဲ့ မိဖုရားတစ်ပါးမှာ
မေးသမျှ ပုစ္ဆာ စကားကို
ဟုတ်တိုင်းမှန်ရာ ဖြေကြားနိုင်တဲ့
စကားပြောတဲ့ မှန်တစ်ချပ်ရှိတယ်
အဲဒီ့ မှန်ကိုကြည့်ပြီး
မိဖုရားကြီး မေးနေကျစကားဟာ
ကမ္ဘာပေါ်မှာ ဘယ်သူအလှဆုံးလဲ….တဲ့
မှန်ထဲက _
ပြောနေကျ အဖြေစကားကလည်း
“အရျင်မိဖုရားကြီးမှတပါး
အခြားသူ မရှိပါ”…လို့ ဆိုသတဲ့
သည်လိုနဲ့ တစ်ခါတော့
“ဟောဒီ့ ကမ္ဘာပေါ်မှာ…
အရှင်မိဖုရားထက် သာသူဟာ
မနှင်းဖြူလေး ဖြစ်ပါတယ်”….လို့
မကွဝ်မ၀ှက်
မှန်ထဲက အဖြေလဲထွက်ရော
ကိုယ့်ထက်သာသူကို
မနာလိုတတ်တဲ့ မိဖုရားဟာ
သတိတရား လက်လွတ်ပြီး
မနှင်းဖြူလေးကို ကွပ်မျက်ဖို့
မုဆိုးရဲ့လက်
ဝ ကွက်ပြီး အပ်လိုက်တယ်
မုဆိုးလက်က လွတ်မြောက်
လူပုလေး ခုနှစ်ယောက်က ကယ်တင်
မနှင်းဖြူ အသက်ရှင်နေတာကို
တစ်ရက်တောင် မမြင်ချင်တဲ့
အရှင်သခင် မိဖုရားကြီးဟာ
နည်းမျိုးစုံနဲ့ သတ်ဖို့ကြိုးစား
ရိုးသားတဲ့ မနှင်းဖြူလေးဟာ
လူသူတော်ကောင်းတွေနဲ့ တွေ့ပေါ့
နောက်ဆုံးတစ်နေ့မှာတော့
ပျော်မွေ့စွာ ဇတ်သိမ်းခဲ့
မင်းသားလေး တစ်ပါးနဲ့ ထိမ်းမြား
ကြီးကျယ်ခန်းနားစွာ ဆင်ယင်တဲ့
ထိုမင်္ဂလာပွဲသဘင်ကို
ဟိုအရှင်မိဖုရားကို ဖိတ်ကြားတော့
စိတ်ထားယုတ်မာသူ မိန်းမကြီးဟာ
မင်းသမီးလေးရဲ့ အလှကို
ရုတ်တရက်တွေ့လိုက်ရင်ပဲ
စွေ့ခနဲ ခုန်ပေါက်
ဒေါသစိတ်တွေ ငယ်ထိပ်ရောက်
ကြမ်းပေါ်မှာ မှောက်ကျကာ
အသက်ပျောက်ရ ရှာသတဲ့လေ
(စနိုးဝိုက်) မနှင်းဖြူကလေးနဲ့
လူပုကလေး ခုနှစ်ဖော်ပုံပြင်
ရှင်မ ဘယ်လိုမြင်ပါသလဲ…။
x
ဟိုမိဖုရား ကြည့်တဲ့မှန်
စနိုးဝှိုက် ကြည့်တဲ့မှန်
အာဖံထီး ကြည့်တဲ့မှန်
နပိုလီယံ ကြည့်တဲ့မှန်
လူပေါ်ပင် ကြည့်တဲ့မှန်
သူတော်စင်ကြည့်တဲ့မှန်
ကြောင်အက်နေတဲ့ မှန်
အရောင်လက်နေတဲ့ မှန်
ပြဒါးကွာနေတဲ့မှန်
တရားရှာနေတဲ့မှန်
ဖုန်အညစ်တင်တဲ့မှန်
ပုံအသစ်မြင်တဲ့ မှန်
အပြစ်ရှာ ရမ္မက်ဖုံးတဲ့ မှန်
သစ္စာမျက်လုံးနဲ့မှန်
မနုဿစိတ် ပျောက်တဲ့မှန်
ပုဗ္ဗနိမိတ် ရောက်တဲ့မှန်
ကြံစည်သမျှ ရှုးနှမ်းတဲ့ မှန်
ဂမ္ဘီရ ထူးဆန်းတဲ့ မှန်
ဘယ်မှန်တွေ ဘယ်လိုပြပြ
ဘယ်အလှ ဘယ်လိုပြင်ပြင်
ဘယ်အဆင် ဘယ်လိုဖိတ်ဖိတ်
စိတ်အထာ မသန့်ရင်
လိပ်ပြာလန့်သတဲ့ ရှင်မရယ်
အသန့်ရှင်းဆုံးမှန်နဲ့
ကြည့်သူရဲ့ စိတ်သဏ္စန်မှာ
အတိတ်ကံ အမျှင်မပြတ်သလို
အရိပ်သဏ္ဍန် ထင်ဟပ်နေတယ်
ရှင်မ…မြင်တတ်ပါစေကွယ်
ကိုယ့်မျက်နှာ စောင်းရွဲ့လို့
ခေါင်းနဲ့ကိုယ် ဟန်ချက်မညီရင်
မှန်မျက်နှာပြင်ကို
အပြစ်မတင်နဲ့လေ
စိတ်အကျည်းတန်နေရင်
သိပ်အထီးကျန်ဆန်တဲ့ မှန်ကို
ရန်မလိုနဲ့ ရှင်မရယ်
အစဉ်ထာဝရလေ
သဘာဝမှန်မှ လှစေ ချော….
ဘ၀ သံဝေ ရစေ သောဝ်…။
ဥာဏ်သတိနဲ့ အတူ
မှန်ကြည့်တဲ့ လူဟာ
မှန်ထဲက -လူနဲ့
သမူဟာ လက်တွဲလို့
အတူတကွ အသက်ရဲကာ
အခက်အခဲ အသွယ်သွယ်
အန္တရာယ် အထပ်ထပ်ကို
ကျော်ဖြတ် ရုန်းကန် တည်ဆောက်
အမှန်ကို ရောက်အောင် လေ့လာ
အမှန်ကို တွေ့အောင်ရှာရလိမ့်မယ်
မှန်ရှေ့က -လူဟာ
မှန်ထဲမှာတွေ့နေရတဲ့ လူရဲ့
ကြည်ဖြူနှစ်သက် လေးစားမူ
ရင်းနှီးချစ်ခင် နားလည်မူ
မိတ်ဆွေအဖြစ် လက်ခံမှုကို ဂရုဓမ္မထားပြီး
ကုသလတရား ပွားများရလိမ့်မယ်
တကယ်တော့ ရင်မရယ်
ကိုယ်မြင်နေကြနဲ့
ကိုယ်မြင်နေရတဲ့
မှန်ထဲက လူရဲ့စေတသိတ်မှာ
ကျေနပ်နှစ်သိမ့်ဖို့သာ ပဓာန
ကျန်တာတွေက သာမညပါ
ဘ၀ဆိုတဲ့ အိမ်ကြီးထဲမှာ
တစ်ကြိမ်သာ နေထိုင်ခွင့်ရှိပြီး
မိမိပြုနိုင်တဲ့ မင်္ဂလာတရားနဲ့
ကြင်နာသနားဖွယ် မှန်သမျှကို
မျက်ကွယ်မပြုမိစေနဲ့
သိသိကြီးနဲ့ပဲ
မိမိကိုယ်ကို ညာချင်ညာ
မှန်ထဲမှာ ကြည့်မြင်နေရတဲ့
ဝိဥာဉ်ကို မညာဖီးမိဖို့
ကမ္ဘာကြီးကို အရှုးလုပ်နိုင်ရင်တော့
ဒူးတုပ်ခစားကြလိမ့်မယ်
အပြုံးရုပ်တွေကလည်း
ပခုံးပုတ်ပြီးကြော်ငြာလို့
”တော်ပါပေတယ်ဗျာ”….ဆိုကြမယ်
ဘော်ဒါတွေကလည်း
အဖျော်ယမကာ အယုအယတွေ
ဒေါ်လာအတုအပတွေနဲ့
“အော်စကာဆု” ချကြလိမ့်မယ်
အေး…..မှန်ထဲက လူကို ပြန်ညာရင်တော့
သံသရာဘ၀..ဘ၀မှာ
အဖန်တစ်ရာ…နှစ်ရာမျှမက
ကံကြမ္မာ မလှမပနဲ့
ဒဏ်ရာအနာတရ မြင်ရမယ်
ရျင်မရယ်…
မှန်ကိုကြည့်စေ,သိစေနော….
သတိသံဝေ မြဲစေသောဝ်….။
မောင်ခိုင်မာ
မြန်မာ့ဓန၊မေလ၊၁၉၉၃။

Leave Comments

Name*

Email*
Website
Email me whenever there is new comment