Professional Authors

လေလှိုင်းထဲက ကောလဟလ

 

ဘုရားဟော ကျမ်းဂန်ထဲက
ကာလာမသုတ်လာ ယုံကြည်သင့် ယုံ
တစ်ဆင့်စကားနဲ့ မယုံနဲ့အုန်း
ဆရာကြီး ခေါင်းဆောင်ကြီး
ဘာကြီးညာကြီး ပြောလည်း
ယုံသင့်မှ ယုံ
လက်တွေ့ကျခြင်း တစ်ခုက
လန့်နိုးလာတဲ့ ကာလနဂါးကြီးရဲ့
သက္ကရာဇ်ကို ဝေဒကျမ်းလာ
နက္ခတ် ကြယ်တွေကို တွက်စစ်
လက်တွေ့ကျတော့ ရှားရှားပါးပါး
ကောင်းကင်မှာ ကြယ်တွေဝိုင်းရံနေတဲ့ကြား
လကြတ်တာနဲ့ ကြုံတွေ့ဆဲ……။ 

 

တိမ်မြှုပ်နေတဲ့ အမှန်တရားကို
ရှာဖွေဖို့အတွက် လောင်းတော်သိဒ္ဓတ်
ကမ်းမမြင် လမ်းမမြင်နဲ့
အမှောင်ယံ မောင်ဆန်ခေါ်လို့
သောင်ယံအနော်မာကို မြင်းစီးထွက်ခဲ့
အမှန်တရား သစ္စာတရားကို
ထိုက်တန်တဲ့ မဟာလူသားတို့အတွက်
သရုပ်ပျက် ရုပ်ဖျက်ထားလည်း
ဘယ်လိုပင် တောပုန်းနေနေ
ဒီကမ္ဘာမြေကြီးမှာ သူအတွက်တော့
မရှားသော နေရာတွေရှိမြဲလေ….။ 

 

ရာစုနှစ် ၅၀၀ ကျော်လာတဲ့အောက်မှာ
ခရစ်တစ်ခု မွေးဖွားပေးခဲ့
ခရစ်တော်ရဲ့ နောက်ဆုံးညစာနဲ့
ရေချမ်းတစ်ခွက် ကမ္ဘာပျက်တော့မှ
အရွယ်ရောက် အတောင်စုံလို့
ကွဲပြားတဲ့ ဘာသာရပ်နဲ့
နောက်ကမ္ဘာကို နိမိတ်ဖတ်မယ်တဲ့…။ 

 

အများပြော အဟုတ်ဖြစ်
တရားဟော သရုပ်ဖြစ်
သဏ္ဍာန်မဲ့တဲ့ ကောလဟလ
ကောလဟလကို မယုံနဲ့
လက်တွေ့ကျမှ ယုံ….။ 

 

သမိုင်းဝင် အထောက်ထားနဲ့
ငါးရာ့ငါးဆယ် နိပါတ်တော်ထဲ
ကျူပ်က မင်းသား ဇာတ်လိုက်
ကလိန် ဒါရိုက်တာ
ခင်ဗျားက မင်းသား လူကြမ်း
အဟော့ပ် အရမ်းကောင်းတဲ့
ရူတင်မန်နေဂျာ လက်တွေ့ အပြော
လက်တွေ့ အဟော တိကျလွန်းလို့
သေမည့် နေ့ရက်တောင်
ချက်ဆို နားခွက်က မီးလောင်သလို
ဒက်ခနဲ့ အမှန်ပဲလေ……။ 

 

တနေ့နေ့ ဆုံဆည်းကြမည့်
လမ်းဆုံက ဂျမ်းပုံ (နေတိုး) နဲ့
တေလေ (ကဒါဖီ)
အတိတ်ဟောင်း ကျောင်းတော်က
ရန်မူခြင်း အကြွေးတွေကို
အဆစ်ပေးလို့ အတိုးတက်လိုက်တာ
မဆီမဆိုင်း အဖိုးထက် တန်ဘိုးကြီးသွားတယ်….။ 

 

ထူးဆန်းတဲ့ ဖြစ်ရပ်ဇာတ်လမ်းက
မွေးခံထိုက်စေ လှူများဝေ၍
အမွေနဲ့ စပ်ဟက်ပြီ
ဘီလျှံနာ ဘေလ်ဂိတ်က
သားသမီးတွေ ခေါင်းပါး
သေတမ်းစာမှာ အမွေပေးဖို့
မွေးစားပေးမဲ့ သူအတွက်တော့ ချမ်းသာလာမှာပေါ့…။ 

 

အရာအားလုံးက အမှိုက်ပုံတွေလို
ကောလဟလလား အမှန်တရားလား
သေချာတာတော့ လက်တွေ့ကျတဲ့
လုပ်ဆောင်ခြင်းပဲ ဘေးတီးနေဖို့
အချိန်မပေးခဲ့ဘူး မရည်ရွယ်ခဲ့ဘူး
သမိုင်းပြောသလို ကျမ်းရေးသလို
သိသလို မသိလို တီးခေါက်နေတဲ့
စန္ဒာရားတွေလည်း သံစဉ်တွေ မညီညာခဲ့
သင်ကြားခြင်းတွေလည်း မရှိခဲ့
ဟိုဟာကောင်းတယ် ဒီဟာကောင်းတယ်
ကောလဟလရဲ့ နယ်မြေထဲ
အခုထိတော့ အိပ်ပျော်နေဆဲ….။ 

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Dec 24, 2011
Comment #1

မှန်ပါရဲ့အကိုရေ…
အားပေးသွားပါတယ်ခင်ဗျား

commentinfo By: yaewintaung at Dec 25, 2011
Comment #2

အားပေးပါတယ်ဗျာ

commentinfo By: မောင်ချမ်းအေး at Dec 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment