လေလွင့်တဲ့ အရွယ်
မင်းပြောခဲ့တဲ့ ဆင်းရဲတွင်းနက်ထဲက ဒုက္ခကို
အရူးလွယ်အိတ်ပမာ မှောက်ချလိုက်တယ်
စွန်တကောင်လို ရစ်ဝဲနေတဲ့ 
တိုက်လေယာဉ်ကြီးလို သိန်းငှက်တကောင်လို 
လောကဓံ စစ်မြေပြင်ပေါ် ဖြတ်သန်းသွားတာလည်းရှိမယ်
စိတ်ပျက်စရာ လမ်းပျက်ကြီးမှာ ပျက်ကျသွားတာလည်းရှိမယ်
မညီညာတဲ့ လေဟာနယ်ထဲ လမ်းကြောင်းမှားလို့ 
အမှောင်နယ်ထဲ ရောက်သွားတာလည်းရှိမယ်
ကိုယ်အထက် ကောင်းကင်ယံက 
ဖြတ်သန်းတဲ့ အမှောင်လည်း ရှိမယ်
ဝေဒနာစွဲကပ်တဲ့ ကုတ်ဖဲ့အနာတွေလို ဖယ်ရှားလိုက်မယ်
ပါးရိုက်ရင် နားကိုက်သွားမယ်
တန်ပြန်စစ်တိုက်တတ်တဲ့ အရွယ်
တထစ်ချ ယုံကြည်လွန်းလို့
ရှင် ပြန်မလာတော့ဘူးလား
မုန်းကြိုးတွေ မွမ်းမံထားစိတ်က
၁၀၉ ..၁၁၀ လမ်းမကျယ်မှာ …
ဘာဖြစ်လဲ ကွာ…ပြော……မြန်မြန်ပြော…
မနှစ်မြို့တဲ မကြိုက်ချင်းတွေက ခေါင်းခါပစ်လိုက်တယ်…..
ချင်းမိုင်မှာ မိုးခိုတဲ့ အခါလည်းရှိမယ်
ပြေးလမ်းပေါ်ပြေးနေတဲ့ လိုင်းကားပေါ် ပြေးတက်တာလည်းရှိမယ်
အာရုဏ်ဦး အလင်းတန်းအောက် မှေးစက်တာလည်းရှိမယ်
လောကဓံ ပလက်ဖောင်း ခေါင်းအုံးရတာလည်း ရှိမယ်
မနေ့ မနက်က ဘာတွေ မှာတမ်းချွေသွားသေးလဲ
မေးလိုက်ရင် တငိုင်ငိုင်နဲ့ နပန်းတီးလိုက်အုန်းမယ်
တောက်… အသုံးမကျ.. အချိုးမကျတဲ့ အရွယ်
ပြောရင်နားမထောင်.. ဘာမှန်းညာမှန်း မသိ
သွား… နှစ်ချို့ ကော်ဖီတစ်ခွက်နဲ့ မော်ဒန် နှစ်ဇွန်းထည့်ခဲ့
အေး.. နာကြည်းလို့ နေရာဟောင်းလည်း မပြန်ဘူး
အနာဟောင်းလည်း မပြေဘူး
ကမ္ဘာမကျေ သီချင်းတွေ ဖြစ်လို့
ကမ္ဘာ့မော်ဒန် ကဗျာစစ်ပေါ် နှစ်သက်စွာ ခုန်ချလိုက်သလို
ခါချဉ်အုံပေါ် သကာရည်အရက်ခွက် မှောက်ကျသွားသလို
ထိန်းချုပ်မှုက လွတ်ထွက်သွားတဲ့ အရက်သမား စိတ်ဓာတ်နဲ့
ဟေ…… မင်းတို့ ရပ်ကွက်ထဲ ဘယ်ကောင်က ဆရာလဲ
လမ်းမပေါ် အမှိုက်တွေ ညော်နံ့တွေ ဖောင်ကားလာလို့
ရွေးချယ်ခဲ့တဲ့ စိမ်းလန်းသော ရှုခင်း ပန်းချီပြပွဲကို
ကမ္ဘာရွာကလေးများ… သဘောင်္ဆိပ်…ဘူတာ..
ဘက်စ်ကားဂိတ်များ… လေယောဉ်ကွင်းများမှာ
နှစ်ဆဲ့တစ်ရာစုနှစ်သစ် ခေတ်တစ်ခေတ်တည်း
မော်ဒန်စံချိန်တင်လို့ တစ်နေရာတည်း တစ်ချိန်တည်း 
တစ်ပြိုင်နက် ဖော်ပြ ပြသသွားမယ့်အကြောင်း….
အသိဥာဏ် မဖွံ့ဖြိုးသေးတဲ့
တိုးတက်မှု မရသေးတဲ့
အောင်မြင်မှု မရသေးတဲ့ အရွယ်
ပန်းတိုင်ကို ရောက်ရှိဖို့
ဒီလို တွေးခေါ်လို့
အခုလို ဥာဏ်နယ်ချဲ့ရင်း
ပြင်ဆင်နေအုန်းမယ်…………..။
တက္ကသိုလ်မြတ်မင်း

 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
  
                                            
Comment #1
လေလွှင့်ခဲ့တဲ့အချိန်ဆိုတာရှိဘူးချင်တယ်………