Professional Authors

ကန္တာရဆောင်း

ကန္တာရဆောင်း

ကမ္ဘာဦးအလွမ်းပင်လေလား …‎
အို … မြောက်ပြန်လေ …‎
စိုမြစိမ့်လွင်သော ‎
ထို့အတူ ကြုံရခဲလှသော …‎
ကန္တာရမိုးစက်ပေါက်တို့အလွန် …‎
ဆောင်းပျိုမသည် ‎
မြူလွှာရုံကို ဆင်မြန်းရင်း …‎
ကတ္တီပါခြေလှမ်းနုနုတို့ဖြင့် …‎

နှင်းမဲ့လေသည့်
ဟေမာန်ညို့ညို့ …‎
လှိုင်းမဲ့လေသော
ကမ်းခြေလွင်လွင် …‎
မြောက်ပြန်လေ၏ လက်သည်းရိုင်း တငုံ …‎
သွဲ့သွဲ့သင်းသော မိုးဓားတလက်၏ တီးတိုးသံစဉ် …‎
ခါးသက်သက် တိမ်လွှာညိုညို တချို့ …‎
ပြင်းရှရှ ကြယ်စင်ငွေ့တို့၏ ရနံ့ချို တချို့ …‎
ဟိုး … ဝေးဝေးက
လျှပ်ပြက်သံတချို့ …‎
‎… တချို့
‎… တချို့

ကန္တာရသည်
ခါးသီးစိမ့်မြမှုတို့ လွှမ်းရစ်နေ၏။ ‎
နေမင်းသည် …‎
စောစီးစွာ ပုန်းကွယ်ချိန် …‎
လွင့်လွင့်ဝေ့ဝဲနေသည့်
သဲလှိုင်းကုန်းများ၏ ဝန်းကျင် …‎
သဲပြင်ပေါ်တွင် …‎
တင်ရစ်လေခဲ့သော ကမ္ဗည်းစဉ်
တလောကလုံးတွင်
ခရမ်းပြာရိပ်တို့
ယှက်သန်းဝေဖြာ ….‎
အရာရာသည် … ‎
ကန္တာရ၏ ရင်ခုန်သံ တချက် …‎

နှင်းဆီလမ်းခွဲ၏ တဘက်တွင် …‎
ဆည်းဆာအိပ်မက်တို့
ဝင့်ဝဲလွင့်ဝေနေလေရော့မည် …‎

ဒီအချိန်ဆို …‎
ဝေသီတိမ်းမူးဖွယ်ညယံတို့တွင်
လွင့်မောပျော်စံနေရော့မည်လား …‎

ကြယ်ရံတို့ဖြင့် ပျော်ပါလေ …‎
အလင်းပန်းကြွေများဆင့်ရင်း …‎
တစစီ ပြိုကျခဲ့လေသည့် …‎
ကန္တာရ၏ ဟိုမှာဘက်ရှိ
ကြယ်စင်နန်းအိုလေးရှိရာဆီသို့ …‎
ခြေဖွနင်းရင်းသာ …. ‎
ပြန်ခဲ့ပါမည် ခရမ်းပြာ …‎

အလွမ်းတို့ဖြင့် သီကုံးအပ်သော
အိပ်မက်လက်တဆုပ်စာဖြင့် … ‎
သံယောဇဉ်တို့ဖြင့် ဖွဲ့တည်အပ်သော
ချစ်ခြင်းဝတ်လွှာတို့ဖြင့် …‎
စွန့်လွှတ်ခြင်းတို့ဖြင့် ဝေဆာခဲ့သော
အရုဏ်ပွင့်ချပ်တို့ဖြင့် …‎
နူးညံ့စွာပေးအပ်ခဲ့သော
အရှုံးဝတ်ဆံတို့ဖြင့် …‎

မိုးသောက်အလွန် …‎
မွန်းတည့်အလွန် …‎
ဆည်းဆာအလွန် …‎
ညဥ့်ယံ၏အလွန် …‎
အတ္တ၏အလွန် …‎
မာန၏အလွန် …‎
ရင်ခုန်သံတို့၏အလွန် …‎
မိုးကုတ်စက်ဝိုင်း၏အလွန် …‎
ထို့ထက်ပိုလွန်၍ ….‎
ဆောင်း၏အလွန် …‎
ကန္တာရဆောင်း၏အလွန် …‎
ကန္တာရဆောင်း၏အလွန် …‎
ကန္တာရဆောင်း၏အလွန် …‎

ဟယ်ရီ

In: ကဗျာ Posted By: Date: Dec 7, 2011
Comment #1

လုလင်အားပေး သွား ပါသည်

Comment #2

အားပေးသွားပါတယ်………..

commentinfo By: May Kha at Dec 8, 2011
Comment #3

ကျေးဇူးပါ လုလင် နဲ့ မေခရေ …

commentinfo By: harry at Dec 10, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment