Professional Authors

မြင်သူ မြင်သူတွေ မသိနဲ့ မမြင်သူတွေ

 

မြင်သူ မြင်သူတွေမသိတဲ့ မမြင်သူတွေ

 

ပိုင်းခြေမတူတာတွေ ပေါင်းနေတဲ့ တင်းရစ်ဆုပ်ကိုင် ပုံဆောင်ခဲ့ အနာတရ

နောက်တစ်ကြိမ် ကျက်စားရာ မြေခရောင်းကြမ်းကြမ်း ဆိုက်ရောက်ရာ

ဂျာဗားလူပုံစံ ဖြတ်သန်းလို ဖြတ်သန်း

ပီကင်းလူပုံစံ ဖြတ်သန်းလို ဖြတ်သန်း

နီအန်ဒါဘယ်လူပုံစံ ဖြတ်သန်းလို ဖြတ်သန်း

ရိုမင်နွံလူပုံစံ ဖြတ်သန်းလို ဖြတ်သန်း

ရီးမီးစစ်စစ် ကျပျောက်ရာခေတ်ထဲ

ဘီစီခေတ်ရဲ့မျက်ရည် အေဒီခေတ်ရဲ့မျက်ရည်

အခုချောင်းကောတွေရဲ့ ပုံရိပ် မေးကြည့်ဖို့အိပ်မက်တွေ မမက်ရဲ

 

လူစီးကြောင်းကောက်ကောက်ကွေ့ကွေ့ထဲ အရောင်ပြောက်တိပြောက်ကျား

သတ္တ၀ါတွေက သတ္တ၀ါအဆင့်အလိုက် လှည့်စားမှုသက်တမ်းရှည်လျား ဇာတ်အိမ်

ဒေါသအမျက် ခြောင်းခြောင်းထွက် အမည်နာမတွေကို ဘယ်လိုဂုဏ်ယူရမလဲ

 

ပစ္စုပ္ပန်တည့်တည့်ထဲ ဒုက္ခကို အာဟာရအဖြစ် မြိန်ရေရှက်ရေ ချက်ပြုတ်စားသောက်

မသိလို့ကျွံမိတဲ့စကား ကျွံမိလို့မှားမိ မျိုးမတူ အက္ခရာတွေထဲ ဘုံဝါဒအဖြစ် အသက်ဆက်

 

သက္ကရာဇ်ရာပေါင်းများစွာ ဖြတ်ကျော်

သံသရာတွေ ဆက်ခါ ဆက်ခါ ဖြတ်ကူးမယ့် လူသားအချင်းချင်း

ဘယ်လူသားအစအနက ဘယ်လူသားအစအနထက် သာလွန်ချင်သေးတာလဲ

လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ ခေတ်အစုစုကို မေးသင့် မမေးသင့်

 

ဓမ္မလား၊ အဓမ္မလား ဒွိဟအဖြစ် အမိုက်မှောင်ထဲ အစဉ်အဆက်နစ်မြုပ်

အသိဉာဏ်မဲ့ရာလွင်ပြင်ပေါ် ကန္တာရဆန်ဆန် ဦးနှောက်အမည်ခင်းကျင်း

သောကမျက်ရည် အမောတကောပုံရိပ် ကိုယ်ပွားနာမ်တွေနဲ့ ကခုန်

အားလုံး … အားလုံးဟာ အလင်းတံခါးကို လှမ်းမြင်နေရတယ် … ဒါပေမဲ့

 

အသစ်စက်စက်ရောက်လာတဲ့ နေ့သစ်တွေက ဖြစ်တည်ဆဲနေ့သစ်တွေကို ထပ်ခါ ထပ်ခါ မြိုချ

ရှုံးနိမ့်သူကိုအားဖြည့်ဖို့ ခေတ်သစ်တစ်ခေတ်ကိုတမ်းတ

ထုဆစ်ခဲ့တဲ့ အတ္ထုပတ္တိ ငါကောင်းမှသူတော် … သူတော်မှငါကောင်း ခက်ဆစ်အလွန်

ပြန်ကြစို့

လက်ယပ်ခေါ်နေတာ အမှန်တရားတဲ့ … ဟေ့

မုန်းတီးခြင်းတွေခွာချပစ် သစ္စာတရားတွေနောက် မေတ္တာပွားများခြင်းတွေ ပွားများ

အဲဒီနေ့သစ် လတ်လတ်ဆတ်ဆတ်ထဲ

လူသားတချို့ဟာ လွတ်လွတ်ကျွတ်ကျွတ်ကြီး ကျွတ်တမ်းဝင်သွားကြတယ်။

 

                                    မှတ်ချက် ။  ။ ရီးမီး = လူ

 

ကလင့်(မန္တလေး)

အဇ္ဈတ္တအယ်လဘမ် ကဗျာစာအုပ်ပေါင်းချုပ်မှထုတ်နုတ်သည်

 

 

 

In: ကဗျာ Posted By: Date: Sep 21, 2011
Comment #1

လက်ယပ်ခေါ်နေတာ အမှန်တရားတဲ့ … ဟေ့

မုန်းတီးခြင်းတွေခွာချပစ် သစ္စာတရားတွေနောက် မေတ္တာပွားများခြင်းတွေ ပွားများ

အဲဒီနေ့သစ် လတ်လတ်ဆတ်ဆတ်ထဲ

လူသားတချို့ဟာ လွတ်လွတ်ကျွတ်ကျွတ်ကြီး ကျွတ်တမ်းဝင်သွားကြတယ်။

commentinfo By: May Kha at Sep 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment