Professional Authors

ငါဖွားမြင်တော်မူခန်း

ဘယ်ဘုရားသခင်ကမှ မဖန်ဆင်းတဲ့လွင်ပြင်မှာ ငါဖွားမြင်တယ်

ငါ့တရား ငါစီရင်

ဒီနေ့နဲ့ မနက်ဖြန်ကြားမှာ တငွေ့ငွေ့ ပါးလျသွားမယ့်

ရုပ်အမျိုးအစား

ု ငါဟာ လှော်ရင်းခတ်ရင်းနဲ့ကိုမျောရာပါရတဲ့

တွင်းနူတ်ခမ်းထက် သဗ္မာန်သမား။

 

ဘယ်ဘုရင်ကမှ မဖန်ဆင်းတဲ့ မြေပြင်မှာ ငါဖွားမြင်တယ်

ငါသည်သာ အရှင်သခင်

ငါ့ရေအလျင်အရ ဖြန့်ကျက်ခြင်းခံရတဲ့ အခင်းအကျင်း

အသွားဖက်ကဓားနဲ့ ဒိုင်းသတင်း

ငါသာလျင်ဖန်ဆင်းတယ်။

 

ဘယ်မိခင်မှ မဖန်ဆင်းတဲ့ရင်ခွင်မှာ ငါဖွားမြင်တယ်

ငါ့မေတ္တာဘွဲ့ ငါဖွဲ့သီ

နေ့နံအလိုက်

ချစ်ခြင်းဖွဲ့အလီ ကိုအခါခါရွတ်

ငါဟာသံယောဇဉ်ဇောင်းကြိုးကလွတ် တဲ့မြင်းရိုင်းတကောင်လည်းဖြစ်တယ်။

 

ဘယ်စာပေကမှ မဖန်ဆင်းတဲ့အမြင်မှာ ငါဖွားမြင်တယ်

အခွံသက်သက် ကွဲအက်လာတဲ့မာတိကာ

လှန်လှောဖတ်ရှလိုက်တိုင်း ကတ္တရာညထက်မှာသာတဲ့လ

ငါ့စာမျက်နှာဟာ မူလကတည်းကိုက

သုညအပိုင်းသုညနဲ့စတယ်။

 

ဘယ်ယဉ်ကျေးမှုကမှ မလွှမ်းမိုးတဲ့အ၇ပ်မျိုးမှာ ငါဖွားမြင်တယ်။

ငါ့ဘာသာစကား ငါနှုတ်ဆိတ်

ဆင်ယင်မှုကိုအပြီးသတ်ချိတ်ပိတ်

အဟာရဆိုတာ သီးခြားသတ်မှတ်မှုကင်းတဲ့  အဆိပ် အဆိပ် အဆိပ်။

 

ဘယ်လူမျိုးမှမကြီးစိုးတဲ့ ရာသီမျိုးမှာငါဖွားမြင်တယ်

ငါ့နာမ်ငါဖောက်စား  တယောက်သွားလမ်းမှာ

အရုပ်ကြိုးပြတ်နာမ်တွေ ကိုးရို့ကားရားနဲ့

လူမျိုးအလကာင်္အတွက် ချဲ့ထွင်ကြတဲ့စာသား

ခေါင်းစီးတပ်မရတဲ့ အမျိုးအစားထဲမှာတော့ ငါဒူးထောက်ခစားတယ်။

 

ဘယ်ဥပဒေမှ မလွမ်းမိုးတဲ့နေ့မျိုးမှာ ဖွားမြင်တယ်

ငါ့ဥပဒေငါရေးဆွဲ ဒီပုတ်နဲ့ဒီပဲထဲကဇွဲနပဲဆိုတာကလည်း

ငါ့ဦးနှောက်ထဲကထိုးထွက်လာတဲ့ လောက်

ငါဥပဒေကို ငါပြန်ချိုးဖောက်တယ်။

 

ငါဖွားမြင်တဲ့နေ့ဟာ မျက်လုံးကိုအလင်းကမြင်တဲ့နေ့။

ငါဖွားမြင်တဲ့နေဟာ နာမ်ကိုရုပ်ကကြီးစိုးတဲ့နေ့။

ငါဖွားမြင်တဲ့နေ့ဟာ ရင်ကိုရင်ခြင်းထပ် ဖြူလွှလွှသက်တန့်တွေ ဖွေးဖွေးလုပ်မယ့်နေ့။

ငါဖွားမြင်တဲ့နေ့ဟာ သင်ယူမှုမပါ ယဉ်ကျေးမှုတွေထိန်ထိန်သာ မယ့်နေ့။

ငါဖွားမြင်တဲ့နေ့ဟာ ——-ရင်ဘတ်ရဲ့ရိုးရာဓလေ့အတိုင်း ကြင်နာခြင်းတို့ အေးမြမွှေးကြူ စာနာမှုတွေသာတလူလူ စိုက်ထူကြမယ့်နေ့ပဲဖြစ်တယ်။                   ။

 

 ကြယ်ဝေး

In: ကဗျာ Posted By: Date: Sep 4, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment