Professional Authors

အထင်ကရ 84ခုမြောက်လမ်းမပေါ်က ၀ိဥာဉ်

 

“အထင်ကရ ၈၄ခုမြောက်လမ်းမပေါ်က ၀ိဥာဉ်”

ဟိုမြောက်ဘက်ခြမ်းကစရင် ၂၂-စီဆိုတဲ့

အာဠ၀ီလမ်းက နေ  တည့်တည့်ထွက်

မြို့တောင်ဘက်ကိုဆက်သွား

တဖြောင့်တည်းကနေ

ကွေ့ကွေ့ကောက်။

ဘုရားကြီး အောက်ကျင်းမရောက်ခင်တဆစ်ချိုး

အောက်ဖက်ကိုဆင်းတဲ့ တစ်ယောက်ကတော့

စစ်ကိုင်းမန်းလေးလမ်းမ ဘ၀ပြောင်း

နောက်တစ်ယောက်ကတော့တည်တည့်ခရီးဆက်

တောင်မြို့အ၀င်စ ဆင်ကျုံးဆိုတဲ့အရပ်ဘက်မှာ

လမ်းဆုံးပေါ့။

84ခုမြောက်လမ်းမဆိုတာ

မန်လေးရဲ့လမ်းတကာလမ်းတွေမှာ အတိုဆုံးလို့

ဆိုရင်လဲ မမှားပြန်ပါဘူး။

 

ဒီလမ်းမကြီးပေါ်မှာ

ဟိုးရှေးရှေးက ဓါတ်ရထားသွားတုံး သုံးခဲ့တဲ့  သံလမ်းကြီး

သူ့ကျောကုန်းပေါ်မှာ နှစ်အတော်ကြာအောင်

မနားတမ်း ထမ်းထားခဲ့ရပါသတဲ့။

တစထက်တစနစ်ဝင်သွားတဲ့သံလမ်း

84လမ်းရဲ့ရင်ကိုခွဲဝင်သွားတာကြာတော့

ရှိမှန်းတောင်မန်းလေးသားတွေမသိခဲ့ကြပါဘူးတဲ့။

ဟော…….များမကြာခင်ကတော့ 84လမ်းရဲ့ရင်ကိုတဖန်ခွဲ

သံလမ်းတွဲတွေကို

ပြန်ဆွဲထုတ်သွားပြန်ပါသတဲ့။

 

ဟိုအရင်ရှေးရှေး  84လမ်းပေါ်က

23လမ်းဒေါင့် ရေပေါ်မှာဆောက်ထားတဲ့

“မေမန်း”ဆိုတဲ့လက်ဖက်ရည်ဆိုင်

ကျောင်းသားဘ၀က ခဏခဏထိုင်ဖြစ်သပေါ့။

သူ့မျက်နှာခြင်းဆိုင်မှာတော့ ဒေသန္တရဆေးခန်း

ဒါကျွန်တော်ကလေးဘ၀က ရှိခဲ့တာတွေပါ။

ရှေ့ဆက်သွားရင်

မန္တလေးရဲ့ကျက်သရေဆောင်မြို့မအသင်းရဲ့ နာယက

ဆရာကြီးဦးသန့် အိမ် နဲ့

အဆာဟိ ကရာတေးကလပ်

တည်ရှိရာ ဒါးတန်းရပ်ဖြတ်သွားပြီးဆက်သွား၊

စံပယ်ခန်းမကိုအလွန်

26ဘီလမ်းဆိုတဲ့သမိုင်းများကိုထမ်းထားတဲ့

လမ်းကိုအကျော်

မြို့တော်ကို ငုံ့ကြည့်နေတဲ့

အချိန်လေးမျိုးနဲ့နာရီစဉ်ကြီးကတော့

အိနြေ္ဒအပြည့်နဲ့မတ်မတ်ရပ်နေဆဲ။

နေ့တစ်မျိုးညတစ်ဖုံ

အသွင်မျိုးစုံနဲ့ရှိတဲ့

ဈေးချိုတော်

နှစ်တစ်ရာမပြည့်ခင်လေးမှာ

ဝတ်ရုံလွှာအဟောင်းခွာလို့

အသစ်ပြောင်း

ခေတ်ပေါင်းများစွာကို ကြုံဘူးသူဆိုလဲမမှားဘူးပေါ့။

ရဲရင့်စာပေ၊

နန်ထင်ကဖေး၊

ဝင်းစာပေ

ရုံတော်ကြီး၊

ထိုင်စိန်ကဖေး

(အခုတော့ ထွန်းဦးစာပေ)

အထင်ကရ ဟံသာဝတီ

ပွဲထိုင်

ဝင်းလိုက်

ရွှေမန်းတင်မောင်အိမ်

နဂါးဒေါ်ဦးအိမ်

လူထုကြီးပွားရေးသတင်းစာတိုက်

တော်ဝင်ရုပ်ရှင်ရုံ

လမ်းဘေးတစ်ဖက်တစ်ချက်စီမှာ

ရှေးကရှိခဲ့တာလေးပေါ့။

အခုတော့ဆိုင်တွေလဲပြောင်း

ပိုင်ရှင်တွေပြောင်း

ပုံစံတွေပြောင်း

လူတွေကလဲပြောင်း

တစ်ပြောင်းထဲပြောင်း

ပြောင်းတာတွေများလွန်းတော့

မှတ်များတောင်မမှတ်မိပေါင်ဗျာ။

 

အက္ခရာနဲ့ပထမဆုံးစတဲ့

35အေလမ်း

ဟိုအရင်ကတော့

မြို့လယ်ခေါင်က သံလမ်း

သူလဲထမ်းထားရဘူးသပေါ့။

ရှေ့နည်းနည်းတိုးသွားရင်

ရှေးကမန္တလေးရဲ့

သင်္ကေတထဲကတခု

ဦးကောက်ရ ရဲ့လမုန့်ဆိုင်လေးရှိခဲ့သပ။

ဆက်သွားပြန်ရင်

ဘီဒီဘရားသား

နီယွန်မီးဆိုတာကို

မန်းလေးနဲ့မိတ်ဆက်ပေးသူပ။

နည်းနည်းတိုးသွားရင်

စာတိုက်ကွေ့

သူနဲ့မနီးမဝေးမှာ

သာသနာ2500အထိန်းအမှတ်

ဗိမ္မာန်

ရှေ့တိုးရင်ဘုရားကြီးအောက်ကျင်းနဲ့

ကျောက်ဆစ်

ကွေ့…..ကွေ့…….ကွေ့…..ကွေ့

 

 

 

“ဟေ့ ဒီလောက်သိရအောင်မင်းက?”

 

“အော်……….ကျနော်လား!

 

လသာတဲ့ညကလွဲရင်

အမြဲတမ်းမှောင်မိုက်နေတဲ့

လျှပ်စစ်မီးမရှိတဲ့အထင်ကရ

84လမ်းမကို

အရှေ့ကနေ အနောက်ဘက်

နမော်နမဲ့နဲ့အဖြတ်

ခပ်ကြမ်းကြမ်းဝင်လာတဲ့ဘာမှန်းမသိလိုက်တာကြီးနဲ့အဆုံ

“ ၀ုန်း“ ကနဲအသံကိုအကြား

“ဖျတ်”ဆိုပြီးဘ၀ပြောင်း

                                                          ဘ၀ဟောင်းကိုဘယ်တော့မှပြန်လာခွင့်မရှိတော့တဲ့

84လမ်းမပေါ်က

ဝိဥာဉ်လေးပါခင်ဗျာ”

 

ကိုပေါက်လက်ဆောင်အတွေးကန့်လန့်လေး

         (20-6-2011)

 

 

 

 

In: ကဗျာ Posted By: Date: Jun 20, 2011
Comment #1

Like 🙂

commentinfo By: မိုးသစ်လေပြေ at Jun 20, 2011
Comment #2

ကဗျာက တစ်မျိုးလေးဗျ
ကောင်းတယ်..အားပေးနေပါတယ်။

commentinfo By: poem.poem28 at Jun 20, 2011
Comment #3

အားပေးပါ၏။။။/

Comment #4

အကိုက ဆိုဒ်၂ ခုကို ခွတင်တာလား။ချောကလက်မြို့တော်မှာလည်း ဒီကဗျာဖတ်ရတယ်။

commentinfo By: sawral at Jun 22, 2011
Comment #5

ညီလေးတို့ရေ
ကိုပေါက်က အကိုရေးတဲ့ပိုစ်တိုင်းကို
(1) poems cornor
(2)မန္တလေးဂေဇက်
(3)့မြန်မာသူငယ်ချင်းများနေ့
(4)Five-3
(5) http://www.kopaukmdy.info
(6) စင်္ကာပူရောက်မြန်မာသူငယ်ချင်းများ
(7)ချောကလက်မြို့တော်
(8) ထာသရသူငယ်ချင်းများ
(9)ချစ်သူမြို့တော်
(10)ဖူးစာရှင်လေး
(11)Face book
(12)အနာဂါတ်အိမ်မက်လေး
(13)အိမ်လွမ်းသူ
ဆိုက်များမှာ တစ်ပြိုင်တည်းတင်ပေးပါတယ်ခင်ဗျာ။
ကျေးဇူးတင်ပါတယ်ညီလေးရေအခုလိုမေးတော့ အားလုံးသိအောင်အကိုပြောပေးလို့ရသပေါ့။

Leave Comments

Name*

Email*
Website
Email me whenever there is new comment