Professional Authors

ဒုတိယမ္ပိ နှင်းဆီဖြူ – စောမာန် (မန္တလေး)

နွေလေက ပူတယ်
ယုံကြည်ချင်စရာမကောင်းတဲ့
ငါ့နေ့တွေက ရှည်တယ်
သစ်ရွက်တွေအားလုံး
ကြွေကျသွားခဲ့ရင်တောင်
ငါကား
လူတိုင်း ညဘက်နေသာခွင့်ရှိတယ်လို့ ထင်သူ။

တကယ်တော့ ဘဝဆိုတာ
ခပ်ခါးခါး အရက်တခွက်လိုပါပဲ
မသောက်ချင်ရင် သွန်ပစ်ပြီး
သောက်ချင်လည်း မူးယစ်ရုံ ရှိတယ်။

မည်းညစ်ညစ် ကောင်းကင်တခုကို အန်တုပြီး
မြေပြင်ပေါ် ခိုင်ခိုင်မာမာပွင့်နေကြတဲ့
အဖြူရောင်ပန်းတွေ
ငါ့ရင်ဘတ် တခုလုံးနဲ့
နမ်းရှိုက်ပါရဲ့။

အဆုံးရော အစရော
တကယ်သာ မရှိခဲ့ဘူးဆိုရင်
လေကဓံတရားတွေကို
တယောက်တလှည့်
ဖန်တီးနေစရာဘယ်လိုတော့မလဲ။

အခုတော့ …..
နေကြာတွေတောင်
အနောက်ဖက် လှည့်ပွင့်ကုန်ကြပြီ။ ။

“အခန်းဒေါင့် အမှိုက်ပုံထဲက နှင်းဆီဖြူတပွင့်”
အမှတ်တရ (မစိမ်းပင်) သို့ …

စောမာန် (မန္တလေး)

Comment #1

သိပ်ကောင်းတဲ့ ဆရာစောမာန်ရဲ့ ကဗျာပါပဲ

commentinfo By: ဂမုန်း at Jun 29, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment